ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုဆိုနာရို၏ဇနီး မီရှဲ ဘိုဆိုနာရိုသည် COVID-19 ကူးစက်ခံထားရကြောင်း သမ္မတရုံးက ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗိုင်းရပ်စ်ကင်းစင်ပြီဖြစ်ကြောင်း သမ္မတဘိုဆိုနာရိုက ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာတွင် ဇနီးဖြစ်သူ မီရှဲသည် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သမ္မတကတော် မီရှဲ ဘိုဆိုနာရို COVID-19 ကူးစက်ခံထားရပြီး ကျန်းမာရေးကောင်းမွန်နေပါတယ်၊ သမ္မတကတော်ဟာ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာမှာဖြစ်ပါတယ် ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယခုရက်ပိုင်းအတွင်း အားနည်းသလိုခံစားနေရပြီး ပဋိဇီဝဆေးများသုံးစွဲနေကာ သွေးစစ်မှုတစ်ခုလည်း ခံယူထားကြောင်း သမ္မတဘိုဆိုနာရိုက အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ပြောဆိုခဲ့သည်။
ဘိုဆိုနာရိုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ယုံကြည်အားထားရသည့် ကျန်းမာရေးဌာနများက ဟိုက်ဒရိုစီကလိုရိုကွင်းဆေးသည် COVID-19 ကုသရာတွင်ထိရောက်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသော်လည်း ယင်းဆေးသည်သာ အားကိုးရာဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သူဖြစ်သည်။
ဘရာဇီးသိပ္ပံနှင့် နည်းပညာဝန်ကြီး မာကိုစ် ပွန်တဲစ်ကလည်း ၎င်းသည် COVID-19 ကူးစက်ခံထားရကြောင်း ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ဘရာဇီးအစိုးရအဖွဲ့၌ ဝန်ကြီးငါးဦး COVID-19 ကူးစက်ခံထားရပြီးဖြစ်သည်။
ဘရာဇီးနိုင်ငံ၌ ဇူလိုင် ၃၀ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၆၉၀၇၄ ဦးနှင့် သေဆုံးသူသစ် ၁၅၉၅ ဦးရှိနေပြီဖြစ်သည်။
ဘရာဇီး၌ COVID-19 ကူးစက်သူ ၂ ဒသမ ၅ သန်းကျော်နှင့် သေဆုံးသူ ၉၀၀၀၀ ခန့်ရှိနေသည်။

















