အိန္ဒိယ၌ COVID-19 ကူးစက်သူ ၁ ဒသမ ၆၄ သန်းရှိနေ

အိန္ဒိယ၌ COVID-19 ကူးစက်သူ ၁ ဒသမ ၆၄ သန်းရှိနေ

အိန္ဒိယနိုင်ငံ၌ ဇူလိုင် ၃၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၅၅၀၇၈ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၁ ဒသမ ၆၄ သန်းရှိနေပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၃၁ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၇၇၉ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၃၅၇၄၇ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၃၁ ရက်တွင် COVID-19 ရှိမရှိစစ်ဆေးမှု ၆၀၀၀၀၀ ကိုပြုလုပ်ခဲ့ပြီး လာမည့်ရက်များအတွင်း တစ်ရက်လျှင် စစ်ဆေးမှု တစ်သန်းကို ပြုလုပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကပြောဆိုခဲ့သည်။

ယောဂသင်တန်းများနှင့် အားကစားခန်းမများကို ပြန်လည်ဖွင့်လှစ်ပြီး ကုန်စည်နှင့် လူများ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ရုပ်သိမ်းမည်ဖြစ်ကြောင်း အစိုးရက ယခုအပတ်တွင်ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ အန်ဓရာပရာဒေ့ရ်ှပြည်နယ်ရှိ ကျေးရွာတစ်ရွာ၌ အရက်ဆိုင်များပိတ်သိမ်းထားသောကြောင့် အယ်လ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်များကို သောက်သုံးခဲ့ပြီးနောက် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။

ကူးစက်သူအစုလိုက်အပြုံလိုက်ရှိခဲ့ပြီးနောက် ကူရီချဲဒူကျေးရွာကို လူဝင်လူထွက်ပိတ်ပင်ထားခြင်းဖြစ်သည်။

လက်သန့်ဆေးရည်များကို ရေ၊ အချိုရည်တို့နှင့်ရောသောက်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စီရင်စုရဲမှူး သိဒ္ဓတ္တ ကောက်ရှယ်က ပြောဆိုခဲ့သည်။

အဆိုပါလူများသည် အရက်စွဲနေသူများဖြစ်ကြပြီး မသေဆုံးမီ ၁၀ ရက်တိတိ လက်သန့်ဆေးရည်များကို သောက်ခဲ့ကြခြင်းဖြစ်ကြောင်း ကောက်ရှယ်ကပြောဆိုခဲ့သည်။