ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ COVID-19 ကူးစက်မှုအစုလိုက်အပြုံလိုက်ရှိနေသည့် ဒါနန်းမြို့နှင့်ဆက်စပ်၍ သြဂုတ် ၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၂ ဦးရှိခဲ့ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်၌ လွန်ခဲ့သောအပတ်တွင် COVID-19 ကူးစက်မှုပြန်လည် ခေါင်းထောင်လာပြီး ယခုအချိန်အထိ ကူးစက်သူသစ် ၁၁၆ ဦးရှိနေပြီဖြစ်သည်။
အသက် နှစ်နှစ်မှ ၇၈ နှစ် အရွယ်များအထိပါဝင်သည့် လူနာသစ်များသည် ဒါနန်းရှိ ဆေးရုံတစ်ရုံနှင့် ဆက်စပ်မှုရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်၌ COVID-19 ကူးစက်သူ ၅၅၈ ဦးရှိနေပြီး ဇူလိုင် ၃၁ ရက်တွင် ပထမဆုံးသေဆုံးသူနှစ်ဦးရှိခဲ့သည်။
လက်ရှိဖြစ်ပွားနေသည့် ကူးစက်မှုလှိုင်းသည် ဗီယက်နမ်၌ မတ်တွင်ရှိခဲ့သည့် ဒုတိယလှိုင်းနှင့် ကွဲပြားပြီး နိုင်ငံတွင်းရှိ ခရိုင်တိုင်း၊ မြို့တိုင်းအတွက် အန္တရာယ်ရှိနေကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် ရွှန် ဖူက ဇူလိုင် ၂၉ ရက်တွင် ပြောဆိုခဲ့သည်။
ဒါနန်းသို့ လေယာဉ်နှင့် ရထားခရီးစဉ်များကို ဇူလိုင် ၂၈ ရက်မှစ၍ ၁၅ ရက် ရပ်ဆိုင်းထားပြီးဖြစ်သည်။
ဒါနန်းရှိ ခရီးသွား ၁၈၀၀၀ ခန့်သည် စီးပွားရေးဗဟိုချက် ဟိုချီမင်းစီးတီးသို့ ပြန်သွားပြီဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ခရီးသွားလာရေးနေရာများသည် အထူးသတိထားရမည်ဖြစ်ပြီး ဒါနန်းကို တင်းကျပ်စွာ လူဝင်လူထွက်ပိတ်ပင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဖူကပြောဆိုခဲ့သည်။
ဟနွိုင်းမြို့၌ လူစုလူဝေးပိတ်ပင်ထားပြီဖြစ်ပြီး ပြည်တွင်းခရီးသွားများအနေဖြင့်လည်း အာဏာပိုင်များထံသို့ သတင်းပို့ရမည်ဖြစ်သည်။
ထို့ပြင် ဘားဆိုင်များနှင့် နိုက်ကလပ်များကိုလည်း ပိတ်သိမ်းထားပြီး လမ်းဘေးစျေးဆိုင်များနှင့် ကာရာအိုကေဆိုင်များသည် သန်းခေါင်အချိန်အထိသာ ဖွင့်ခွင့်ရမည်ဖြစ်သည်။
စားသောက်ဆိုင်များနှင့် စျေးဝယ်စင်တာကြီးများ ဆက်ဖွင့်ခွင့်ရနေဦးမည်ဖြစ်သော်လည်း ကျန်းမာရေးစည်းမျဉ်းများကိုလိုက်နာရမည်ဖြစ်ကြောင်း အစိုးရက ဇူလိုင် ၃၁ ရက်တွင် ပြောဆိုခဲ့သည်။

















