နှာခေါင်းစည်းများကို ဓာတ်ဆီဖြင့် ပိုးသတ်ရန် အတည်ပြောနေခြင်းဖြစ်ကြောင်း ဒူတာတေး ထပ်မံပြောဆို

နှာခေါင်းစည်းများကို ဓာတ်ဆီဖြင့် ပိုးသတ်ရန် အတည်ပြောနေခြင်းဖြစ်ကြောင်း ဒူတာတေး ထပ်မံပြောဆို

နှာခေါင်းစည်းများကို ဓာတ်ဆီဖြင့် ပိုးသတ်လို့ရပြီး ယင်းမှာ ဟာသပြောနေခြင်းမဟုတ်ဘဲ အတည်လက်ခံပေးကြရန် ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးက ဇူလိုင် ၃၁ ရက်တွင် ပြောဆိုခဲ့သည်။

နှာခေါင်းစည်းများကို သန့်ရှင်းရန် ပစ္စည်းများမရှိပါက ဓာတ်ဆီဖြင့် သန့်ရှင်းကြရန် ဒူတာတေးက လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့ပြီးနောက် သမ္မတ၏ပြောခွင့်ရှိသူက သမ္မတသည် ဟာသနှောပြောဆိုခြင်းသာဖြစ်ကြောင်း လူသိရှင်ကြားဖြေရှင်းခဲ့ရပြီးဖြစ်သည်။

ကျွန်တော် အမှန်ပြောနေတာ၊ ဓာတ်ဆီဆိုင်ကိုသာသွားလိုက်၊ ပြီးရင် ဓာတ်ဆီစိမ်ထားလိုက်၊ ဒါက ပိုးသတ်တာပဲ ဟု ဒူတာတေးက ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြောဆိုခဲ့သည်။

ဟာသပြောနေခြင်းမဟုတ်ဘဲ အမှန်ပြောနေခြင်းဖြစ်ကြောင်း ဒူတာတေးက ဆက်လက်ပြောဆိုခဲ့သည်။

COVID-19 ကူးစက်သူ ၉၀၀၀၀ နီးပါးနှင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိနေသည့် ဖိလစ်ပိုင်၌ မတ်လကတည်းက နှာခေါင်းစည်းမတပ်မနေရတပ်ရန် စည်းမျဉ်းထုတ်ပြန်ထားပြီးဖြစ်သည်။

ဖိလစ်ပိုင်၌ ဇူလိုင် ၃၁ ရက်အထိ နှစ်ရက်ဆက်တိုက် နေ့စဉ် COVID-19 ကူးစက်သူဦးရေ စံချိန်တင်မြင့်တက်ခဲ့သည်။

မြို့တော်မနီလာ၌ COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဆက်လက်သက်တမ်းတိုးပြီး ဒီဇင်ဘာလောက်မှသာ ပုံမှန်ဘဝပြန်ရောက်မည်ဖြစ်ကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။

ဒူတာတေးက နှာခေါင်းစည်းများကို ဓာတ်ဆီဖြင့် ပိုးသတ်ရန် ပြောဆိုခဲ့မှုကို ထောက်ခံရန်မရှိကြောင်း ကျန်းမာရေးပညာရှင်များက ပြောဆိုခဲ့ပြီးဖြစ်သည်။

နှာခေါင်းစည်းကို ဓာတ်ဆီဖြင့် ပိုးသတ်လို့မရကြောင်း၊ ဓာတ်ဆီစွတ်ထားသည့် နှာခေါင်းစည်းကို သုံးခြင်းကြောင့် အန္တရာယ်ရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိလာနိုင်ကြောင်း ဖိလစ်ပိုင်ဆရာဝန်အသင်းဥက္ကဋ္ဌ ဟိုဆေး ဆန်တီယေဂိုကပြောဆိုခဲ့သည်။

အဝတ်နှာခေါင်းစည်းများကို ဆပ်ပြာ၊ ရေတို့ဖြင့် လျှော်ဖွတ်ပြီး ပြန်သုံးရန် ကျန်းမာရေးကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ဒူတာတေး၏အကြံပြုချက်နှင့်ပတ်သက်၍ အတိုက်အခံများကလည်း ဝေဖန်ပြောဆိုခဲ့ကြသည်။

ဒူတာတေးပေးသည့် အကြံကို လျစ်လျူရှုကြရန် အတိုက်အခံအထက်လွှတ်တော်အမတ် ရီဆာ ဟွန်တီဗရိုစ်ကပြောဆိုခဲ့သည်။