တောင်ကိုရီးယား၌ COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုရှိခဲ့သည့် ဘုရားကျောင်းကို တည်ထောင်သူ အဖမ်းခံရ

တောင်ကိုရီးယား၌ COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုရှိခဲ့သည့် ဘုရားကျောင်းကို တည်ထောင်သူ အဖမ်းခံရ

တောင်ကိုရီးယားနိုင်ငံ၌ COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုရှိခဲ့သည့် ခရစ်ယာန်ဘုရားကျောင်းတည်ထောင်သူကို ဖမ်းဆီးရန် တောင်ကိုရီးယားတရားရုံးတစ်ရုံးက သြဂုတ် ၁ ရက်တွင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနကဖော်ပြခဲ့သည်။

တောင်ကိုရီးယားရှိ COVID-19 ကူးစက်မှုစုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းသို့မဟုတ် ကူးစက်သူ ၅၂၀၀ ကျော်ရှိခဲ့မှုဖြင့် ရှင်ချွန်ဂျီဘုရားကျောင်းတည်ထောင်သူဖြစ်သလို အကြီးအကဲလည်းဖြစ်သည့် လီ မန် ဟီးကို ဖမ်ဆီးခွင့်ပေးရန် ဥပဒေအရာရှိများက လျှောက်ထားမှုကို ဆူဝန်စီရင်စုတရားရုံးက ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ပြောဆိုခဲ့သည်။

ဘုရားကျောင်းနှင့်ဆက်စပ်၍ COVID-19 ကူးစက်သူ အမြောက်အများရှိခဲ့ပြီးနောက် ဖေဖော်ဝါရီတွင် လီသည် အာဏာပိုင်များအား ဘုရားကျောင်းအသင်းဝင်နှင့် ဘုရားကျောင်းအသင်းဝင်များတွေ့ဆုံသည့် နေရာများနှင့်ပတ်သက်၍ သတင်းအတိအကျမပေးဘဲ ထိန်ချန်မှုများပြုလုပ်ခဲ့ကြောင်း ဥပဒေအရာရှိများက ယူဆနေသည်။

ထို့ပြင် လီသည် ဘုရားကျောင်း ရန်ပုံငွေများထဲမှ ဝမ် ငါးဘီလျံကို အပန်းဖြေစခန်းဆောက်လုပ်ခြင်းအပါအဝင် ဝမ် ၅ ဒသမ ၆ ဘီလျံ(ဒေါ်လာ ၄ ဒသမ ၆၉ သန်း) ကို အလွဲသုံးစားလုပ်ခဲ့မှု၊ ဒေသဆိုင်ရာအစိုးရပိုင်အဆောက်အအုံများ၌ ခွင့်ပြုချက်မယူဘဲ ဘာသာရေးအခမ်းအနားများကျင်းပမှုတို့ဖြင့်လည်း တရားစွဲဆိုခံရမည်ဖြစ်သည်။

တရားရုံး၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေချိန်တွင် ထိန်းသိမ်းရေးစခန်း၌ ခေတ္တနေထိုင်နေရသည့် လီသည် ဇူလိုင် ၃၁ ရက်တွင် အဖမ်းခံခဲ့ရကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။