ပုသိမ်-မုံရွာ ကားလမ်းပေါ်တွင် ပေါင်းတလည်နယ်မြေစခန်းမှူးသေနတ်ဒဏ်ရာဖြင့်သေဆုံးမှုကို စစ်ဆေးလျက်ရှိကြောင်း ယနေ့ဩဂုတ် ၂ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ် ၁ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ် အယ်ချောင်းကျေးရွာအနီးပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ်၁၄၇/၆နှင့်၁၄၇/၇အကြား မုံရွာဘက်သို့ခေါင်းတည်၍ရပ်ထားသည့် SUZUKIအဖြူရောင်မော်တော်ယာဉ်မှာရပ်ထားချိန်ကြာမြင့်နေသည့်အတွက်အလယ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ငြိမ်းက ကံမမြို့နယ်ကြို့ပင်နယ်မြေရဲစခန်းသို့ သတင်းပေးပို့အကြောင်းကြားခဲ့သည်။
ကြို့ပင်နယ်မြေရဲစခန်းမှူးရဲအုပ်အောင်နိုင်ဝင်းနှင့်ပူးပေါင်းအဖွဲ့က ည ၇ နာရီ၄၀၌ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်၏ ယာဉ်မောင်းထိုင်ခုံ၌ အသက်(၃၅)နှစ်ခန့်အရွယ် လူတစ်ဦးမှာယာဘက်နားထင် သေနတ်မှန်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်။
ကားအတွင်းဆက်လက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားထိုင်ခုံအမှီတွင် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့တံဆိပ်ပါရဲအုပ်အဆင့်ရှိယူနီဖောင်းချိတ်လျက်ကျော်ကျော်လင်းအမည်နှင့် ဝန်ထမ်းကတ်ပြားတစ်ခုကိုတွေ့ခဲ့သည်။
၎င်းဘေးတွင်ဝယ်ဘလီအမျိုးအစားခြောက်လုံးပြူးသေနတ်တစ်လက်နှင့် ယင်းသေနတ်ကျည် ၆ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
အလောင်းကိုရဲဆေးရုံသို့ပို့ဆောင်ခဲ့ပြီးသေဆုံးသူနှင့်ပတ်သက်၍စုံစမ်းရာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပေါင်းတလည်နယ်မြေရဲစခန်းမှူးဖြစ်ကြောင်းသိရှိခဲ့သည်။
သေဆုံးနေသည့်အကြောင်းရင်းကိုသက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
















