တရုတ်နှင့် ရုရှားထုတ် COVID-19 ကာကွယ်ဆေးများကို အသုံးပြုနိုင်ခြေမရှိကြောင်း အမေရိကန်ကူးစက်ရောဂါပညာရှင် ပြောဆို

တရုတ်နှင့် ရုရှားထုတ် COVID-19 ကာကွယ်ဆေးများကို အသုံးပြုနိုင်ခြေမရှိကြောင်း အမေရိကန်ကူးစက်ရောဂါပညာရှင် ပြောဆို

တရုတ်နှင့် ရုရှားတို့က ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများကို အမေရိကန်ပြည်ထောင်စု၌ အသုံးပြုနိုင်ခြေမရှိကြောင်း အမေရိကန်၌ COVID-19 တိုက်ဖျက်ရေးကို ဦးဆောင်နေသည့် ဒေါက်တာ အန်ထော်နီ ဖောက်ချီက သြဂုတ် ၁ ရက်တွင် ပြောဆိုခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ပြီး ခြောက်လအကြာတွင် COVID-19 ဖြင့်သေဆုံးသူ ၆၇၉၀၀၀ ခန့်သေဆုံးခဲ့ပြီး လူ ၁၇ ဒသမ ၉ သန်းကျော် ကူးစက်ခံထားရပြီးဖြစ်သည်။

အနောက်ဥရောပရှိ နိုင်ငံများစွာသည် ကူးစက်သူဦးရေ ပြန်တိုးလာမှုကြောင့် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ပြန်လည်ချမှတ်ပြီး သမိုင်းတွင်သည့် စီးပွားရေးကျဆင်းမှုနှင့်ကြုံနေရပြီဖြစ်ကြောင်း ကြေညာထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း COVID-19 သည် ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာကြုံရသည့် အကျပ်အတည်းဖြစ်ကာ ဆိုးကျိုးများကို ဆယ်စုနှစ်များစွာ ခံစားရဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ်ကုမ္ပဏီများစွာသည် COVID-19 ကာကွယ်ဆေးသုတေသနတွင် ရှေ့ဆုံးက ဦးဆောင်နေပြီး ရုရှားကလည်း စက်တင်ဘာတွင် ပြည်တွင်းဖြစ် ကာကွယ်ဆေးများကို စတင်ဖြန့်ချိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် တရုတ်နှင့် ရုရှားတို့၌ ကာကွယ်ဆေးဆိုင်ရာစည်းမျဉ်းများသည် အနောက်နိုင်ငံများလောက် ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ယင်းနှစ်နိုင်ငံမှ ထုတ်လုပ်သော ကာကွယ်ဆေးများကို အမေရိကန်ပြည်ထောင်စု၌ အသုံးပြုနိုင်ခြေမရှိကြောင်း ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူ အန်ထော်နီ ဖောက်ချီကပြောဆိုခဲ့သည်။

တရုတ်နဲ့ ရုရှားသားတွေ ကာကွယ်ဆေးကို တစ်ယောက်ယောက်ကို မထိုးပေးခင်မှာ တကယ်စမ်းသပ်တာတွေ လုပ်ပါစေလို့ မျှော်လင့်ပါတယ် ဟု ဖောက်ချီက ဇူလိုင် ၃၁ ရက်တွင် အမေရိကန်လွှတ်တော်တွင်း ပြုလုပ်ခဲ့သည့် ကြားနာစစ်ဆေးမှု၌ ပြောဆိုခဲ့သည်။

ကျနသေချာစွာ စမ်းသပ်မပြုရသေးမီတွင် ဖြန့်ချိရန် လုပ်ဆောင်ခြင်းသည် ပြဿနာတစ်ခုဟု ထင်မြင်မိကြောင်း ဖောက်ချီကပြောဆိုခဲ့သည်။ အမေရိကန်အစိုးရသည် Operation Warp Speed အမည်ရှိ စီမံကိန်းတစ်စိတ်တပိုင်းအရ ဆေးကုမ္ပဏီကြီးများဖြစ်သည့် Sanofi နှင့် GSK တို့အား COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် ဒေါ်လာ ၂ ဒသမ ၁ ဘီလျံအထိပေးအပ်ရန် စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။