တောင်အာဖရိက၌ COVID-19 ကူးစက်သူ ငါးသိန်းကျော်ရှိနေ

တောင်အာဖရိက၌ COVID-19 ကူးစက်သူ ငါးသိန်းကျော်ရှိနေ

တောင်အာဖရိက၌ COVID-19 ကူးစက်သူ ငါးသိန်းကျော်သွားပြီဖြစ်ကြောင်း တောင်အာဖရိကကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အာဖရိကရှိ စက်မှုလုပ်ငန်းအဖွံ့ဖြိုးဆုံးဖြစ်သည့် တောင်အာဖရိက၌ သြဂုတ် ၁ ရက်တွင် COVID-19 ကူးစက်သူ ၁၀၁၀၇ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၅၀၃၂၉၀ အထိရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်အာဖရိက၌ COVID-19 ဖြင့်သေဆုံးသူ ၈၁၅၃ ဦးရှိနေပြီဖြစ်သည်။တောင်အာဖရိကရှိ လူသုံးသန်းကျော်ကို COVID-19 ရှိမရှိစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။

အာဖရိကတစ်တိုက်လုံး၌ COVID-19 ကူးစက်သူ ၉၃၄၅၅၈ ဦးနှင့် သေဆုံးသူ ၁၉၇၅၂ ဦးရှိနေကာ ပြန်လည်ကျန်းမာလာသူ ၅၈၅၅၆၇ ဦးရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။

တောင်အာဖရိကသည် COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် မတ်အကုန်ပိုင်းတွင် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ခဲ့သော်လည်း စီးပွားရေးအကြီးအကျယ်ထိခိုက်လာသဖြင့် မကြာသေးမီရက်သတ္တပတ်များမှစတင်ကာ ပိတ်ပင်ချက်များကို ပြန်လည်ဖြေလျှော့ခဲ့သည်။

ကူးသန်းသွားလာမှုပိတ်ပင်ချက်ကြောင့် COVID-19 ကူးစက်မှုကို နှစ်လကျော် တားဆီးနိုင်ခဲ့ပြီး ထိန်းမနိုင်သိမ်းမရဖြစ်မှုကို ရှောင်ရှားနိုင်ခဲ့ကြောင်း တောင်အာဖရိကသမ္မတ ဆရီး ရာမာဖိုဆာက ပြောဆိုခဲ့သည်။