ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ဘာလင်၌ ဆန့်ကျင်ဆန္ဒထုတ်ဖော်

ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ဘာလင်၌ ဆန့်ကျင်ဆန္ဒထုတ်ဖော်

ဂျာမနီနိုင်ငံ၌ COVID-19 တိုက်ဖျက်ရေးအတွက် ချမှတ်ထားသည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ဘာလင်၌ သြဂုတ် ၁ ရက်တွင် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။

လူ ၁၇၀၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံမှုဆန့်ကျင်ရေးလှုပ်ရှားသူများလည်းပါဝင်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

ဆန္ဒပြသူများကြားတွင် အနက်၊ အဖြူနှင့် အနီရောင်ပါဝင်သည့် အလံများကို ကိုင်ဆောင်ထားသည့် လက်ယာစွန်းဝါဒီများလည်းပါဝင်ခဲ့သည်။

ဆန္ဒပြသူများသည် Queen အဖွဲ့၏ We will Rock You သံစဉ်နှင့်အညီ တို့ဟာ လွတ်လပ်သူတွေဖြစ်တယ် ဟု သီဆိုကာ ကခုန်ခဲ့ကြသည်။

ကျွန်တော်ကျွန်မတို့ရဲ့ လွတ်လပ်မှုတွေ အခိုးခံရလို့ ဆန္ဒထုတ်ဖော်နေတာပါ ၊ နှာခေါင်းစည်းမတပ်နဲ့ အစရှိသည့် စာများရေးသားထားသည့် ကတ်ပြားများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည်။

ဒီမိုကရေစီစနစ်ပြန်လည်ကျင့်သုံးစေလိုပြီး လူသားများကို အကျဉ်းချထားသည့် နှာခေါင်းစည်းများကို ဖယ်ရှားရမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဆန္ဒပြသူတစ်ဦးကပြောဆိုခဲ့သည်။

စတုဂတ်( ရှတုဂတ်) မြို့၏မြို့တော်ဝန်ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသည့် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို နိုင်ငံရေးနယ်ပယ်နှင့်လည်း ဝေးကွာသည့် မီကယ် ဘားဗေ့က ဆန္ဒပြမှုများပြုလုပ်ရန် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများရှိလာခြင်းဖြစ်သည်။

ဆန္ဒပြသူများ နှာခေါင်းစည်းတပ်ပြီး တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေရန် စည်းမျဉ်းများကို လိုက်နာလာရေး လုပ်ဆောင်ခြင်းမရှိသည့်အတွက် စီစဉ်သူများကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။

အစဉ်အလာနိုင်ငံရေးသမားများက ဆန္ဒပြသူများကို ဝေဖန်ခဲ့ပြီး ဆိုရှယ်ဒီမိုကရက်ပူးတွဲခေါင်းဆောင် ဆက်စ်ကီယာ အက်စ်ကင်က ဆန္ဒပြသူများသည် COVID-19 အန္တရာယ်ကိုမသိသည့် ငတုံးများဖြစ်ကြကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ဂျာမနီသည် COVID-19 တိုက်ဖျက်ရေးကို ကနဦးတွင် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သော်လည်း မကြာသေးမီရက်သတ္တပတ်များမှစ၍ ကူးစက်သူသစ်ဦးရေ ပြန်လည်မြင့်တက်လာခဲ့သည်။

ဂျာမနီ၌ COVID-19 ကူးစက်သူ ၂၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၀၀၀ နီးပါးရှိနေပြီဖြစ်သည်။