ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၂ ရက်တွင် COVID-19 ကူးစက်သူသစ်လေးဦးရှိခဲ့ပြီး နှစ်ဦးသည် ပြည်တွင်းမှာပင် ကူးစက်သူများဖြစ်ကြကာ ကျန်နှစ်ဦးသည် နိုင်ငံခြားခရီးသွားရာဇဝင်ရှိသူများဖြစ်ကြကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်၌ COVID-19 ကူးစက်သူ ၅၉၀ ရှိနေပြီး ယင်းတို့အနက် ၁၄၄ ဦးသည် ကမ်းရိုးတန်းမြို့ ဒါနန်းနှင့် ဆက်စပ်နေသူများဖြစ်ကြသည်။
ဗီယက်နမ်၌ COVID-19 ဖြင့်သေဆုံးသူ သုံးဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဒါနန်းမြို့နေ ၁ ဒသမ ၁ သန်းကို COVID-19 ရှိမရှိစစ်ဆေးရန် စီစဉ်နေကြောင်း ဒါနန်းမြို့ အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။
ဒါနန်းမြို့ လာရောက်လည်ပတ်သူ ၈၀၀၀၀၀ သည်လည်း ဇူလိုင် ၁ ရက်မှစ၍ နိုင်ငံတွင်းရှိ အခြားနေရာများသို့ ထွက်ခွာသွားပြီဖြစ်သည်။
ယင်းအချိန်မှစ၍ ခရီးသွား ၄၁၀၀၀ ကျော်သည် ဆေးရုံသုံးရုံသို့သွားရောက်ခဲ့ကြပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မကြာသေးမီရက်သတ္တပတ်များမှစ၍ ကူးစက်သူအစုလိုက်အပြုံလိုက်ပြန်ရှိလာသည့် ဒါနန်း၌ ဇူလိုင် ၂၅ ရက်မှစ၍ COVID-19 ရှိမရှိ စစ်ဆေးမှု ၈၂၄၇ ခုကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း မြို့အာဏာပိုင်များကပြောဆိုခဲ့သည်။
တစ်ရက်လျှင် စစ်ဆေးမှု ၈၀၀၀ မှ ၁၀၀၀၀ အထိ ပြုလုပ်ရန် စီစဉ်နေပြီဖြစ်သည်။ ဒါနန်းနှင့်ဆက်စပ်၍ ဟနွိုင်း၊ ဟိုချီမင်းစီးတီးတို့အပါအဝင် မြို့များစွာတို့၌ COVID-19 ကူးစက်သူသစ်များစွာရှိနေပြီဖြစ်သည်။
ဒါနန်းမြို့ ပြန်လာသူများ COVID-19 ရှိမရှိ စစ်ဆေးမှုခံယူရန် ဟနွိုင်းအုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပြီး ဇူလိုင် ၃၀ ရက်မှစ၍ COVID-19 ရှိမရှိ စစ်ဆေးမှု ၄၉၀၀၀ ခန့်ကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဟနွိုင်းအုပ်ချုပ်ရေးအဖွဲ့က သြဂုတ် ၁ ရက်တွင်ပြောဆိုခဲ့သည်။
ရပ်ကွက်ကျေးရွာများအတွင်း အစုလိုက်အပြုံလိုက်ကူးစက်မှုရှိလာပါက တုံ့ပြန်နိုင်ရေးအတွက် ဗီယက်နမ်အစိုးရက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဗီယက်နမ်ဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ကီဒွန် ပါ့ခ်က ပြောဆိုခဲ့သည်။

















