ဂျပန်နိုင်ငံ အိုကီနာဝါဒေသ၌ COVID-19 ကူးစက်သူဦးရေ များစွာရှိနေသောကြောင့် အရေးပေါ်အခြေအနေထုတ်ပြန်ပြီး ဒေသခံများ ရက်သတ္တပတ်နှစ်ပတ် ကူးသန်းသွားလာမှုမပြုကြရန် ညွှန်ကြားခဲ့ရသည်။
အိုကီနာဝါကျွန်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များကြား COVID-19 ကူးစက်မှုရှိနေပြီး နေ့စဉ်ရှိနေသည့် ကူးစက်သူသစ်ဦးရေသည်လည်း စံချိန်တင်မြင့်တက်နေသောကြောင့် ဒေသခံများ အရေးမကြီးပါက အပြင်မထွက်ရန် အိုကီနာဝါအုပ်ချုပ်ရေးမှူး ဒန်နီတာမာကီက ဇူလိုင် ၃၁ ရက်တွင် တိုက်တွန်းခဲ့ရသည်။
ကူးစက်သူဦးရေ အဆမတန်တိုးနေတယ်၊ သြဂုတ် ၁၅ ရက်အထိ အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်၊ ဆေးရုံတွေလည်း ဝန်နဲ့အားမမျှဖြစ်နေပါပြီ ဟု တာမာကီက သတင်းထောက်များကိုပြောဆိုခဲ့သည်။
အိုကီနာဝါအစိုးရက ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များသည် မလိုက်နာမနေရမဟုတ်သော်လည်း ဂျပန်၌ လေးစားမှုအပြည့်ဖြင့် လိုက်နာမှုများရှိခဲ့သည်။
အိုကီနာဝါ၌ ဇူလိုင် ၃၁ ရက်တွင် ကူးစက်သူသစ် ၇၁ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၃၉၅ ဦးရှိနေပြီဖြစ်သည်။ ကူးစက်သူစုစုပေါင်းအနက် ၂၄၈ ဦးသည် အမေရိကန်တပ်ဖွဲ့ဝင်များဖြစ်ကြကြောင်း ဒေသဆိုင်ရာအစိုးရကပြောဆိုခဲ့သည်။
အမေရိကန်တပ်ဖွဲ့ဝင်များကြား ကူးစက်သူဦးရေ တိုးပွားလာမှုအတွက် အံ့သြတုန်လှုပ်မိကြောင်း အုပ်ချုပ်ရေးမှူးကပြောဆိုခဲ့သည်။အိုကီနာဝါ၌ အမေရိကန်ကမ်းတက်တပ်ဖွဲ့ဝင် ၂၀၀၀၀ နှင့် အခြားတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာရှိနေသည်။
အမေရိကန်တပ်ဖွဲ့ဝင်များကို လက်ခံထားရသဖြင့် ဝန်ပိနေကြောင်း ဒေသခံများကပြောဆိုနေပြီး အမေရိကန်အခြေစိုက်စခန်းရှိနေမှုကို ဒေသခံများက ဆန့်ကျင်နေကြပြီဖြစ်သည်။ ဂျပန်နိုင်ငံမြို့တော် တိုကျို၌လည်း ကူးစက်သူဦးရေ ဆက်လက်တိုးပွားနေမည်ဆိုပါက အရေးပေါ်အခြေအနေထုတ်ပြန်မည်ဖြစ်ကြောင်း တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကို ကိုအိကဲကပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်သူ ၃၅၂၀၀ ခန့်နှင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိနေသည်။

















