ဟောင်ကောင်၌ COVID-19 တတိယလှိုင်းကိုတားဆီးရေးအတွက် COVID-19 ရှိမရှိ စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရာတွင် အကူအညီပေးရန် တရုတ်ပြည်မကြီးမှ လူ ၆၀ ပါဝင်သော အဖွဲ့၏ပထမအသုတ်အဖြစ် ကျွမ်းကျင်သူခြောက်ဦးပါဝင်သော အဖွဲ့ခွဲသည် သြဂုတ် ၂ ရက်တွင် ဟောင်ကောင်သို့ ရောက်ရှိခဲ့သည်။
ဟောင်ကောင်သို့သွားရောက်မည့် အဖွဲ့သည် ကွမ်တုံခရိုင်ရှိ ဆေးရုံများမှဖြစ်ပြီး ကျွမ်းကျင်သူခြောက်ဦးသည် COVID-19 စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှဖြစ်ကာ ၎င်းတို့သည် COVID-19 လူနာများအတွက် AsiaWorld Expo ကွန်ဗင်းရှင်းစင်တာကို ယာယီဆေးရုံအဖြစ် ပြောင်းလဲရာတွင် အကူအညီပေးမည်ဖြစ်သည်။
ဟောင်ကောင်၌ COVID-19 တိုက်ဖျက်ရေးကို ပြည်မကြီးမှ ကျန်းမာရေးဝန်ထမ်းများက ပထမဆုံးအကြိမ် အကူအညီပေးမှုလည်းဖြစ်သည်။
ဟောင်ကောင်တွင် ထောက်လှမ်းရေးလုပ်ဆောင်ရန် မျိုးဗီဇနမူနာများကိုလည်း တရုတ်က စုဆောင်းသွားနိုင်ကြောင်း ဟောင်ကောင်မြို့နေအချို့က ပြောဆိုခဲ့သည်။
ကူးစက်သူဦးရေပြန်တက်လာသောကြောင့် ပြည်မကြီးကို အကူအညီတောင်းရခြင်းဖြစ်ကြောင်း ဟောင်ကောင်အကြီးအကဲ ကာရီ လမ်က သြဂုတ် ၁ ရက်တွင် ပြောဆိုခဲ့သည်။
ဟောင်ကောင်မြို့နေအားလုံးကို COVID-19 ရှိမရှိစစ်ဆေးသင့်မသင့်ကို အစိုးရက သုံးသပ်နေကြောင်း လမ်ကပြောဆိုခဲ့သည်။
ဟောင်ကောင်၌ ဇူလိုင်တွင် COVID-19 ကူးစက်သူဦးရေ ပြန်တိုးလာသောကြောင့် လူနှစ်ဦးထက် ပိုမိုပြီး စုဝေးခြင်းမပြုရန်၊ အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းတပ်ရန် အပါအဝင် ကန့်သတ်ချက်များကို ပြန်လည်ချမှတ်ခဲ့ရသည်။
ဟောင်ကောင်၌ ဇန်နဝါရီမှစ၍ COVID-19 ကူးစက်သူ ၃၄၀၀ ခန့်နှင့် သေဆုံးသူ ၃၃ ဦးရှိနေသည်။ သို့သော် လွန်ခဲ့သော ၁၁ ရက်အတွင်း ကူးစက်သူသစ်ဦးရေသည် တစ်ရက်လျှင် ဂဏန်းသုံးလုံးအထိရှိခဲ့သည်။

















