သွေးထိုးလှုံ့ဆော်မှုဖြင့် သမဂ္ဂခေါင်းဆောင်တစ်ဦးကို ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ဖမ်းဆီး

သွေးထိုးလှုံ့ဆော်မှုဖြင့် သမဂ္ဂခေါင်းဆောင်တစ်ဦးကို ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ဖမ်းဆီး

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ကြား ကာလရှည်ကြာရှိနေသည့် နယ်စပ်ပြဿနာနှင့်ပတ်သက်၍ သွေးထိုးလှုံ့ဆော်မှုဖြင့် နာမည်ကျော်သမဂ္ဂခေါင်းဆောင်တစ်ဦးကို ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဒေသခံမီဒီယာများက သြဂုတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအရှေ့ပိုင်းနယ်စပ်တစ်လျှောက်တွင် အစိုးရ၏မမှန်မကန်လုပ်ဆောင်မှုများကြောင့် ဒေသခံအချို့ လယ်မြေများစွာကို ဆုံးရှုံးခဲ့ကြောင်း ကမ္ဘောဒီးယားသမဂ္ဂများအသင်း၏ခေါင်းဆောင် ရွန်ချွန်းက ယခုလအစောပိုင်းတွင် ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်သည် နယ်မြေပိုင်နက်အရေးတွင် ဗီယက်နမ်ကို အလျှော့ပေးနေကြောင်း အတိုက်အခံခေါင်းဆောင်များက စွပ်စွဲပြောဆိုခဲ့ပြီးဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံကြား နယ်စပ်ပြဿနာနှင့်ဆက်စပ်၍ အတိုက်အခံများသည် အမျိုးသားရေးစိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပြီး ဟွန်ဆန်အစိုးရ ပျော့ညံ့လွန်းကြောင်း ပုံဖော်နေကြသည်။

ချွန်းသည် နယ်စပ်ရေးရာနှင့်ပတ်သက်၍ ပြောဆိုမှုဖြင့် ဇူလိုင် ၃၁ ရက်တွင် အဖမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ချေးကင်ချွန်းကပြောဆိုခဲ့သည်။

သမဂ္ဂခေါင်းဆောင် ချွန်းသည် လူမှုတည်ငြိမ်ရေးပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သတင်းမှား ဖြန့်ချိခဲ့သည့်အတွက် ၎င်းကို တရားရုံးတစ်ရုံးက ဖမ်းဆီးရန်ခွင့်ပြုခဲ့ကြောင်း ချေးကင်ချွန်းက ပြောဆိုခဲ့သည်။

ချွန်းသည် သွေးထိုးလှုံ့ဆော်မှုကျူးလွန်ခဲ့ကြောင်း ထင်ရှားပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။ ယှဉ်ပြိုင်နိုင်သည့် အတိုက်အခံမရှိတော့သဖြင့် ဟွန်ဆန်၏ ပါတီသည် ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမှစ၍ ရွေးကောက်ပွဲများတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဟွန်ဆန်၏အစိုးရသည် အာဏာပိုမိုချုပ်ကိုင်နိုင်ရေးအတွက် အတိုက်အခံပါတီခေါင်းဆောင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် လှုပ်ရှားသူများကို ဖမ်းဆီးခဲ့ပြီးဖြစ်သည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယားကို နှစ်ပေါင်း ၃၅ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးဖြစ်သောကြောင့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များထဲတွင် ပါဝင်နေသည်။

ဗီယက်နမ်က ကမ္ဘောဒီးယားရှိ ခမာနီအစိုးရကို ဖြုတ်ချရန် ကျူးကျော်ပြီး ကမ္ဘောဒီးယားကို သိမ်းပိုက်ခဲ့သည့် ၁၉၇၉ မှ ၁၉၈၉ ခုနှစ်အတွင်း ဟွန်ဆန် အာဏာရရှိခဲ့ခြင်းဖြစ်သည်။