၂ဝ၁၉-၂ဝ စီးရီးအေ ရာသီပိတ်သိမ်းပြီး အသင်းကြီးကိုယ်စီ ဥရောပပြိုင်ပွဲဝင်ခွင့်ရ တတိယမြောက် စကူဒက်တိုချန်ပီယံဆုယူမည်ဟု စီရိုနယ်ဒိုပြော

၂ဝ၁၉-၂ဝ စီးရီးအေ ရာသီပိတ်သိမ်းပြီး အသင်းကြီးကိုယ်စီ ဥရောပပြိုင်ပွဲဝင်ခွင့်ရ တတိယမြောက် စကူဒက်တိုချန်ပီယံဆုယူမည်ဟု စီရိုနယ်ဒိုပြော

သြဂုတ် ၂ ရက်က စီးရီးအေ ဘောလုံး ရာသီပိတ်သိမ်းခဲ့ပြီးနောက် ရာသီမကုန်ခင် အောင်ပွဲခံနိုင်ခဲ့သော ကိုးနှစ်ဆက် စကူဒက်တို ချန်ပီယံ ဂျူဗင်တပ်စ်နှင့်အတူ အသင်းကြီး ကိုယ်စီမှာ လာမည့်နှစ် ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲများ ကိုယ်စီဝင်ခွင့်ရခဲ့သည်။

ဂျူဗင်တပ်စ်မှာ ရာသီသိမ်းပွဲကို သြဂုတ် ၁ ရက်က ရိုးမားနှင့်ကစားခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂ ရက်က ငါးပွဲကစားခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်က အဆင့်လေးသာ ရခဲ့သော အင်တာမီလန်သည် ယခုနှစ်တွင် ၈၂ မှတ် ဖြင့် ဒုတိယရကာ ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင် ခဲ့သည်။ နည်းပြကွန်တီသည် ၂ဝဝ၉-၁ဝ က မော်ရင်ဟိုရခဲ့သော စီးရီးအေရမှတ်ကို လိုက်မီနိုင်ခဲ့သည်။ အတ္တလန္တာမှာ စီးရီးအေ နှစ်နှစ်ဆက် အဆင့်(၃)ဖြင့် ပန်းဝင်ခဲ့ပြီး ယခုနှစ်တွင် လာဇီယိုနှင့် ၇၈ မှတ်ချင်းတူညီ သော်လည်း ထိပ်တိုက်တွေ့ဆုံမှုအသာဖြင့် အဆင့်(၃)နေရာ သေချာခဲ့သည်။

ယမန်နှစ်က အဆင့်(၈)သာရခဲ့သော လာဇီယိုသည် အဆင့်(၄)ဖြင့် ချန်ပီယံလိဂ် ဝင်ခွင့်ပြန်လည်ရရှိခဲ့သည်။ ရိုးမားမှာ အဆင့်(၅)ဖြင့် ယူရိုပါလိဂ် အုပ်စုအဆင့် ကစားရမည်ဖြစ်ပြီး အဆင့်(၆)မှ အေစီ မီလန်မှာ ယူရိုပါလိဂ်ဒုတိယအဆင့်ခြေစစ်ပွဲ ကစားရမည်ဖြစ်သည်။အဆင့်(၇)ရခဲ့သော် လည်း နာပိုလီမှာ ယခုနှစ် ကိုပါအီတာလီယာ ချန်ပီယံဖြစ်ခဲ့၍ ယူရိုပါလိဂ်အုပ်စုအဆင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်စီးရီးအေ၌ သွင်းဂိုး ၁၁၅၄ ဂိုး ရှိခဲ့ရာ ၂ဝ၁၉-၂ဝ ဂိုးသွင်းနှုန်းထက် ဘောလုံး ရာသီသုံးခုသာ ဂိုးပိုများခဲ့သည်ဟု မှတ်တမ်း များအရ သိရသည်။ လာဇီယိုတိုက်စစ်မှူး အင်မိုဘိုင်းလ်မှာ စီးရီးအေ ၃၆ ဂိုးဖြင့် ဂိုးသွင်း အများဆုံးဆုရခဲ့ပြီး ဥရောပ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူး ခဲ့သည်။ လက်ချီ၊ ဘရက်ရှားနှင့် စပဲလ်တို့မှာ စီးရီဘီသို့ တန်းဆင်းခဲ့ရပြီဖြစ်သည်။

ယခုရာသီစီးရီးအေ ၃၁ ဂိုးသွင်းယူခဲ့ သော ဂျူဗင်တပ်စ်တိုက်စစ်မှုး စီရိုနယ်ဒိုက ၎င်းအတွက် တတိယမြောက် စကူဒက်တို ချန်ပီယံဆုရယူနိုင်ရန် ရှေ့ဆက်သွားကြမည့် အကြောင်းကို အင်စတာဂရမ်၌ ပို့စ်တင်ကာ တူရင်၌ ဆက်နေမည့်သဘောထားအား ပြောခဲ့သည်။ စီရိုနယ်ဒိုသည် ရီးရဲလ်မက် ဒရစ်မှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁ဝဝ ဖြင့် ပြောင်းလာသူဖြစ်ပြီး ဘိုရယ်နှင့်ဂျွန်ဟန်ဆန် ပြီးနောက် ဂျူဗင်တပ်စ် အတွက် တစ်ရာသီအတွင်း အနိမ့်ဆုံး ဂိုး ၃ဝ သွင်းနိုင်သော တတိယမြောက် ကစား သမားမှတ်တမ်းရရှိထားသည်။

''ဂျူဗင်တပ်စ်အသင်း နောက်ဆုံး ကိုးနှစ် ဆက် စကူဒက်တို ပိုင်ဆိုင်ရာမှာ ကျွန်တော်က နှစ်ကြိမ်ပါဝင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ ဒါက လွယ်တယ်လို့ ထင်ရပေမယ့် မလွယ်ပါဘူး။မျှော်မှန်းထားတဲ့ပန်းတိုင်ရောက်ဖို့ ကျွန်တော် တို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ကျွန်တော့် အတွက် သုံးကြိမ်မြောက် စကူဒက်တိုဆုရဖို့ ရှေ့ဆက်မယ်''ဟု စီရိုနယ်ဒိုက ဆိုခဲ့သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး