ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့၌ လွန်ခဲ့သော တစ်ပတ်တွင် စတင်ဖြစ်ပွားခဲ့သည့် COVID-19 ကူးစက်မှုသည် မြို့တွင်းရှိ ဝန်ထမ်းအင်အား ၃၇၀၀ ခန့်ရှိသော စက်ရုံလေးရုံခန့်သို့ ပျံ့နှံ့သွားပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၃ ရက်တွင် ဖော်ပြခဲ့သည်။
ဒါနန်းမြို့ရှိ စက်မှုဇုန်များတွင်တည်ရှိသော စက်ရုံများ၌ COVID-19 ကူးစက်သူသစ်လေးဦးရှိခဲ့ကြောင်း Lao Dong သတင်းစာကဖော်ပြခဲ့သည်။ စက်မှုဇုန်များတွင် အလုပ်လုပ်ကိုင်နေသူ ၇၇၀၀၀ ခန့်ရှိနေသည်။
ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၃ ရက်တွင် ဒါနန်းမြို့ရှိ ကူးစက်မှုနှင့်ဆက်စပ်၍ ကူးစက်သူသစ်တစ်ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၆၂၁ ဦးရှိနေပြီဖြစ်သည်။ ဗီယက်နမ်၌ COVID-19 ဖြင့်သေဆုံးသူ ခြောက်ဦးရှိနေပြီဖြစ်သည်။
ဒါနန်း၌ ဗိုင်းရပ်စ်ကူးစက်ရသည့် အကြောင်းအရင်းကို မသိရှိရသေးချေ။ ဒါနန်း၌ COVID-19 ကူးစက်သူများရှိနေကြောင်း ဇူလိုင် ၂၅ ရက်တွင် စတင်သိရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစကာ ဟနွိုင်းနှင့် ဟိုချီမင်းစီးတီးတို့အပါအဝင် နေရာ ၁၀ ခုသို့ ပျံ့နှံ့သွားခဲ့သည်။ ဒါနန်းနှင့်ဆက်စပ်၍ COVID-19 ကူးစက်သူ ၁၇၄ ဦးရှိနေပြီဖြစ်သည်။
စက်ရုံလေးရုံအနက် တစ်ရုံသည် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သတင်းစာကဖော်ပြခဲ့သည်။ ဗီယက်နမ်၌ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း COVID-19 ရှိမရှိ စစ်ဆေးမှု ၅၂၀၀၀ ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် ဒါနန်းရှိ လူ ၁ ဒသမ ၁ သန်းကို COVID-19 ရှိမရှိစစ်ဆေးရန် စီစဉ်နေပြီဖြစ်သည်။
ဒါနန်း၌ တွေ့ရှိသော ဗိုင်းရပ်စ်အမျိုးအစားသည် ပိုမိုကူးစက်လွယ်သည့် အမျိုးအစားဖြစ်ပြီး ကူးစက်ခံထားရသူတစ်ဦးသည် အခြားလူ ငါးဦး၊ ခြောက်ဦးကို ဆက်လက်ကူးစက်စေနိုင်ကြောင်း အာဏာပိုင်များက သြဂုတ် ၂ ရက်တွင် ပြောဆိုခဲ့သည်။ ယခင်ဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးသည် အခြားလူ ၁ ဒသမ ၈ မှ ၂ ဒသမ ၂ ဦးကိုသာ ဆက်လက်ကူးစက်စေနိုင်သည်။

















