မြို့တော် မနီလာနှင့် ဝန်းကျင်ဒေသများတွင် ကူးသန်းသွားလာမှုပိတ်ပင်ချက် ပိုမိုတင်းကျပ်

မြို့တော် မနီလာနှင့် ဝန်းကျင်ဒေသများတွင် ကူးသန်းသွားလာမှုပိတ်ပင်ချက် ပိုမိုတင်းကျပ်

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာနှင့် ပတ်ဝန်းကျင်နေရာများ၌ COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် သြဂုတ် ၄ ရက်မှစ၍ ရက်သတ္တပတ်နှစ်ပတ်ကြာ ကူးသန်းသွားလာမှု ကန့်သတ်ပိတ်ပင်ချက်များကို ချမှတ်မည်ဖြစ်ကြောင်း အာဏာပိုင်များက သြဂုတ် ၂ ရက်တွင် ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 ကူးစက်သူ ၁၀၀၀၀၀ ကျော်သွားပြီဖြစ်သည်။ ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးသည် မနီလာ၊ လာဂူနာ၊ ကာဗိုက်၊ ရီဇယ်နှင့် ဘူလာကန်ကဲ့သို့ အနီးအနားရှိ ခရိုင်များတွင် ရပ်ကွက်ကျေးရွာအလိုက် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို သြဂုတ် ၁၈ ရက်အထိ ချမှတ်ရန် သဘောတူညီခဲ့ကြောင်း ဒူတာတေး၏ပြောခွင့်ရှိသူ ဟာရီ ရိုက ပြောဆိုခဲ့သည်။

မြို့တော်ရှိ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တို့ကို ပိတ်သိမ်းမည်ဖြစ်သည်။ အလုပ်သို့သွားရောက်ခွင့်နှင့် ကူးသန်းသွားလာမှု ပိတ်ပင်ချက်အရ အရေးတကြီးလိုအပ်သော ပစ္စည်းများကို ဝယ်ယူခွင့်လက်မှတ်များကို လိုအပ်မည်ဖြစ်သည်။

ဆရာဝန် ၈၀၀၀၀ နှင့် သူနာပြုတစ်သန်းပါဝင်သည့် ဒေသဆိုင်ရာအဖွဲ့ ၈၀ တို့က နိုင်ငံတွင်း COVID-19 ကူးစက်သူ အဆမတန်များပြားလာသောကြောင့် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို ပိုမိုတင်းကျပ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ဒူတာတေးက ယင်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ခင်ဗျားတို့ တောင်းဆိုတာကို ကျွန်တော်သိပါတယ်။ မျှော်လင့်ချက်တော့ မမဲ့ကြပါနဲ့၊ ခင်ဗျားတို့ပင်ပန်းနေပြီဆိုတာကိုလည်း သိပါတယ် ဟု ဒူတာတေးက COVID-19 တိုက်ဖျက်ရေးတွင် ရှေ့တန်းက ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဖိလစ်ပိုင်၌ သြဂုတ် ၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၅၀၃၂ ဦးရှိခဲ့သောကြောင့် ကူးစက်သူစုစုပေါင်း ၁၀၃၁၈၅ ဦးရှိနေပြီဖြစ်သည်။ ဖိလစ်ပိုင်၌ COVID-19 ဖြင့်သေဆုံးသူ ၂၀၅၉ ဦးရှိနေပြီဖြစ်သည်။

ဖိလစ်ပိုင်သည် အရှေ့တောင်အာရှ၌ အင်ဒိုနီးရှားပြီးနောက် ကူးစက်သူဒုတိယအများဆုံးရှိနေသည့် နိုင်ငံဖြစ်သည်။ လက်ရှိ ကျန်းမာရေးဝန်ထမ်းဦးရေကို အားဖြည့်ရန်အတွက် နောက်ထပ် ကျန်းမာရေးကျွမ်းကျင်သူ ၁၀၀၀၀ ကိုငှားရမ်းခန့်ထားရန်နှင့် COVID-19 လူနာများကို ကုသနေသည့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများအား နောက်ထပ်ခံစားခွင့်များပေးရန် ဒူတာတေးက သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ရိုက ကပြောဆိုခဲ့သည်။