အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှားသည် COVID-19 ကူးစက်ခံရပြီးနောက် ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း ဝန်ကြီးဌာနက သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာမစ် ရှားသည် အိန္ဒိယ၌ COVID-19 ကူးစက်ခံရသည့် နိုင်ငံရေးသမားများအနက် ရာထူးအကြီးဆုံးဖြစ်သည်။ ရှားသည် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ လက်ရုံးတစ်ဦးဖြစ်ပြီး COVID-19 တိုက်ဖျက်ရေးကို ဦးဆောင်နေသည့် ဝန်ကြီးဌာနတစ်ခုကို ဦးဆောင်နေသူလည်းဖြစ်သည်။
အိန္ဒိယ၌ COVID-19 ကူးစက်သူ ၁ ဒသမ ၇ သန်းနှင့် သေဆုံးသူ ၃၆၅၀၀ ရှိနေသောကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးပြီးနောက် COVID-19 ဒဏ်ကို တတိယမြောက်အပြင်းထန်ဆုံးခံနေရသည့် နိုင်ငံလည်းဖြစ်သည်။
မကြာသေးမီရက်များအတွင်း ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူအားလုံး သီးခြားနေထိုင်ပြီး COVID-19 ရှိမရှိ စစ်ဆေးမှုခံယူရန် တိုက်တွန်းလိုကြောင်း ရှားက တွစ်တာ၌ ရေးသားခဲ့သည်။ အသက် ၅၅ နှစ်အရွယ် ရှားသည် COVID-19 ဆိုင်ရာရောဂါလက္ခဏာများ ပြလာပြီးနောက် စစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်သည်။ "ကျွန်တော် ကျန်းမာရေးကောင်းပါတယ်၊ ဒါပေမဲ့ ဆရာဝန်တွေ အကြံပြုချက်အရ ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်"ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
ရှားသည် မိုဒီနှင့် မည်သည့်အချိန်တွင် နောက်ဆုံးတွေ့ဆုံခဲ့သည်မူ ထုတ်ပြန်ရန်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။

















