ရာသီဥတုပြောင်းလဲမှုသည် အရေးပေါ်ကုသမှုလိုသည့် ကင်ဆာရောဂါကဲ့သို့ဖြစ်ကြောင်း ဘူတန်ဝန်ကြီးချုပ်ပြောဆို

ရာသီဥတုပြောင်းလဲမှုသည် အရေးပေါ်ကုသမှုလိုသည့် ကင်ဆာရောဂါကဲ့သို့ဖြစ်ကြောင်း ဘူတန်ဝန်ကြီးချုပ်ပြောဆို

ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဒဏ် ခံနေရခြင်းသည် ကင်ဆာရောဂါကဲ့သို့ဖြစ်ပြီး အရေးပေါ်လှုပ်ရှားဆောင်ရွက်မှုမပြုပါက ကုသ၍မရသည့် ရောဂါဖြစ်လာနိုင်ကြောင်း ဘူတန်ဝန်ကြီးချုပ် လိုတေ ရှဲရင်းက သြဂုတ် ၂ ရက်တွင်ပြောဆိုခဲ့သည်။

ကမ္ဘာ့နိုင်ငံများက ရာသီဥတုပြောင်းလဲမှုအရေးနှင့်ပတ်သက်၍ တစ်စုံတရာဆောင်ရွက်ခြင်းမရှိသောကြောင့် ဘူတန်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ ဆိုးကျိုးခံစားနေရပြီဖြစ်ကြောင်း ဒေါက်တာ ရှဲရင်းက ပြောဆိုခဲ့သည်။ လူဦးရေ ၈၀၀၀၀၀ ခန့်ရှိသော ဘူတန်ဘုရင့်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်မူဝါဒနှင့် လှုပ်ရှားဆောင်ရွက်မှုတို့တွင် ဦးဆောင်နေသည့် နိုင်ငံဖြစ်သည်။

ဘူတန်သည် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလုံးဝမရှိသည့် နိုင်ငံဖြစ်သည်။ ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချနိုင်သည့် နိုင်ငံများသည် တာဝန်ယူမှုမရှိသောကြောင့် စိတ်ပျက်မိကြောင်း ရှဲရင်းကပြောဆိုခဲ့သည်။

နိုင်ငံများသည် ကမ္ဘာ့မြေပုံတွင် အစက်အပြောက်တစ်ခုသာဖြစ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့များသည် ပထဝီနယ်နမိတ်များကိုဖြတ်ကျော်ရန် နိုင်ငံကူးလက်မှတ်မလိုကြောင်း၊ နိုင်ငံကြီးများသည် ၎င်းတို့လုပ်ကိုင်နေသကဲ့သို့ အနည်းငယ်ကိုသာ လုပ်ကိုင်မည်ဆိုပါက ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ပြောစရာပင်လိုတော့မည်မဟုတ်ကြောင်း ရှဲရင်းက ဆက်လက်ပြောဆိုခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘူတန်၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားပြီး နိုင်ငံ၏အစိတ်အပိုင်း ၆၀ ရာခိုင်နှုန်းသည် သစ်တောအမြဲတမ်းဖြစ်နေရမည်ဆိုသည့် အချက်ပါဝင်သည်။

ယခုလောလောဆယ်တွင် ဘူတန်နိုင်ငံ၏ ၇၂ ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းနေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်မှုကြောင့် ဘူတန်သည် စီးပွားရေးအရ ထိခိုက်ခဲ့ရကြောင်း ဒေါက်တာ ရှဲရင်းက ဆက်လက်ပြောဆိုခဲ့သည်။