ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သြဂုတ် ၃ ရက်တွင် လူငယ်အများစုပါဝင်သော လူဒါဇင်ပေါင်းများစွာသည် ဟာရီပေါ်တာဝတ္ထုနှင့် ရုပ်ရှင်ဇာတ်လမ်းတွဲများပါ ဝတ်ရုံနှင့် ခေါင်းဆောင်းများကို ဝတ်ဆင်ပြီး ဒီမိုကရေစီစနစ်အတွက် ဂါထာမန္တရားမန်းမှုတ်မည်ဟု ကြွေးကြော်ကာ အစိုးရဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုင်းနိုင်ငံတစ်ဝန်းရှိ လူငယ်များသည် တက္ကသိုလ်များနှင့် မြို့နယ်ခန်းမများရှေ့၌ စုဝေးပြီး ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဦးဆောင်သောအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို နေ့စဉ်ပြုလုပ်နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
တချို့ကလည်း ထိုင်းတော်ဝင်မိသားစုကို အကာအကွယ်ပေးထားသည့် ဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သြဂုတ် ၃ ရက် အနှောင်းပိုင်းတွင် စာရေးဆရာမ ဂျေကေရိုးလင်း၏ ဝတ္ထုများထဲမှ လူငယ်မှော်ဆရာ ဟာရီ ပေါ်တာ၏စွန့်စားခန်းများကို ပြန်လည်ပြောဆိုမှုကို ဆန္ဒပြသူများက နားထောင်ခဲ့ကြသည်။
နာမည်ကျော် ရှေ့နေ အနွန် နမ်ပါသည် ဝတ္ထုပါ ဂရစ်ဖင်ဒေါဝတ်ရုံကို ဝတ်ဆင်ပြီး စင်မြင့်ပေါ်တက်ကာ ပရာယွတ်ကို ရှုတ်ချသည့် စကားများကို ပြောဆိုခဲ့သည်။
ဆန္ဒပြမှုများကို ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့သည်။ စစ်ဦးစီးချုပ်ဟောင်း ပရာယွတ်သည် ရာထူးရာခံကို အသုံးချပြီး အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း နမ်ပါကပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၌ စည်းမျဉ်းခံဘုရင်စနစ်စတင်ခဲ့သည့် ၁၉၃၂ ခုနှစ် တော်လှန်ရေးအထိမ်းအမှတ်အဖြစ်ထားရှိသည့် ဒီမိုကရေစီအထိမ်းအမှတ်နေရာတွင် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

















