တောင်ကိုရီးယားနိုင်ငံတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ပြီး လူတစ်ထောင်ကျော်သည် နေအိမ်များကို စွန့်ခွာခဲ့ရကာ ၁၃ ဦးသေဆုံးပြီး နောက်ထပ် ၁၃ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက သြဂုတ် ၄ တွင် ပြောဆိုသည်။
မြေပြိုမှုများနှင့် မော်တော်ယာဉ်များ ရေစီးထဲမျောပါမှုတို့ကြောင့် လူများသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဌာနမှ အရာရှိများကပြောဆိုခဲ့သည်။
လယ်ယာမြေ ၅၇၅၁ ဧကကို ရေလွှမ်းမိုးသွားခဲ့ပြီး မြို့တော်ဆိုးလ်၏ အဓိက တံတားများနှင့် အဝေးပြေးလမ်းမများလည်း ရေလွှမ်းမိုးခံခဲ့ရသည်။
သမ္မတ မွန်းဂျေအင်သည် သြဂုတ် ၄ ရက်တွင် အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီး အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေမှုအား ကာကွယ်ရန် အစွမ်းကုန်ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းထားခဲ့သည်။
အိမ်နီးချင်းနိုင်ငံ မြောက်ကိုရီးယားတွင်လည်း ရေလွှမ်းမိုးမှုအန္တရာယ် ကြုံလာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။
နေရာအချို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးဖြစ်သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ နယ်စပ်ရှိ ဆည်တစ်ခု၏ရေထိန်းတံခါးများကို ဖွင်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရသတင်းအရင်းအမြစ်များက ပြောဆိုခဲ့သည်ဟု ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။
ဆိုးလ်မြို့လယ်နှင့် နိုင်ငံအလယ်ပိုင်းဒေသများတွင် ထိခိုက်ပျက်စီးမှုအများဆုံးရှိခဲ့သည်။

















