အမေရိကန်ပြည်ထောင်စုသည် အမေရိကန်သာ ပထမဆိုသည့် တစ်ဖက်ပိတ်အမြင်၏အကျိုးဆက်အဖြစ် တရုတ်နည်းပညာကုမ္ပဏီများကို အနိုင်ကျင့်နေခြင်းဖြစ်ပြီး တရုတ်အနေဖြင့် အညံ့ခံလျှင်ခံ မဟုတ်လျှင် နည်းပညာနယ်ပယ်တွင် အသေအကြေတန်ပြန်စစ်ဆင်ရန်သာရှိတော့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏အာဘော်ကိုဖော်ပြနေသည့် ဂလိုဘယ်တိုင်းမ်သတင်းစာ၏ခေါင်းကြီးပိုင်း၌ ရေးသားထားသည်။
အမေရိကန်အစိုးရသည် တရုတ်ကုမ္ပဏီများကို အားနည်းအောင်ပြုပြီး အပိုင်သိမ်းမည့် အစီအစဉ်ကို ဆက်လက်အကောင်ထည်မည်ဆိုပါက တရုတ်ဘက်ကလည်း တုံ့ပြန်ရန် နည်းလမ်းမျိုးစုံရှိနေကြောင်း သတင်းစာက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် TikTok ကို ပိတ်ပင်မည့် အစီအစဉ်ကို ပြောင်းလဲပြီးနောက် မိုက်ခရိုဆော့ဖ်ကုမ္ပဏီသည် TikTok ကိုပိုင်ဆိုင်သည့် တရုတ်ကုမ္ပဏီ ByteDance ထံမှ TikTok တစ်စိတ်တစ်ပိုင်းကို ဝယ်ယူရန် ပြင်ဆင်နေပြီဖြစ်သည်။
တရုတ်အစိုးရနှင့် အသုံးပြုသတင်းအချက်အလက်မျှဝေသည့် တရုတ်ဆော့ဖ်ဝဲကုမ္ပဏီများအပေါ် သမ္မတထရမ့်က အရေးယူရန်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက လွန်ခဲ့သောရုံးပိတ်ရက်များတွင် ပြောဆိုခဲ့သည်။
အမေရိကန်၏ကုန်သွယ်ရေးနာမည်ပျက်စာရင်းတွင် ပါဝင်သည့် ByteDance နှင့် Huawei တို့ကို အမေရိကန်အစိုးရက ဆက်ဆံပုံများကိုကြည့်လျှင် အမေရိကန်သည် စီးပွားရေးကို တရုတ်၏စီးပွားရေးနှင့် အဆက်ဖြတ်ရန် ကြိုးပမ်းနေပုံကို မြင်နိုင်ကြောင်း ဂလိုဘယ်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် နည်းပညာပိုင်းအသာစီးရနေပြီး မဟာမိတ်များအပေါ် သြဇာသက်ရောက်နိုင်နေသောကြောင့် တရုတ်အစိုးရသည် တရုတ်ကုမ္ပဏီများကို ကာကွယ်ပြီး အမေရိကန်ကုမ္ပဏီများအပေါ် လက်တုံ့ပြန်နိုင်စွမ်း အကန့်အသတ်သာရှိနေကြောင်း သတင်းစာကရေးသားခဲ့သည်။
ဂလိုဘယ်တိုင်းမ်ကို တရုတ်ကွန်မြူနစ်ပါတီ၏သတင်းစာ ပြည်သူ့နေ့စဉ်က ထုတ်ဝေနေခြင်းဖြစ်သည်။

















