ဗစ်တိုးရီးယားပြည်နယ်၌ COVID-19 ကူးစက်သူများ အသွားအလာကန့်သတ်မှု လိုက်နာရေး စစ်သည်များ တာဝန်ယူမည်

ဗစ်တိုးရီးယားပြည်နယ်၌ COVID-19 ကူးစက်သူများ အသွားအလာကန့်သတ်မှု လိုက်နာရေး စစ်သည်များ တာဝန်ယူမည်

သြစတြေးလျနိုင်ငံ၏ ဒုတိယ လူဦးရေအများဆုံး ပြည်နယ်ဖြစ်သော ဗစ်တိုးရီးယား၌ COVID-19 ကူးစက်သူများ အသွားအလာကန့်သတ်မှု စည်းမျဉ်းများကို လိုက်နာရေးအတွက် စစ်သည်များက စည်းကြပ်မှုများကို ပြုလုပ်မည်ဖြစ်ပြီး စည်းမျဉ်းများကို ချိုးဖောက်သူသည် မည်သူကိုမဆို အမြင့်ဆုံး ဒဏ်ငွေအဖြစ် သြစတြေးလျ ဒေါ်လာ ၂၀၀၀၀ (ဒေါ်လာ ၁၄၂၅၀) အထိချမှတ်မည်ဖြစ်သည်။

COVID-19 ကိုင်တွယ်ထိန်းချုပ်ရာတွင် အအောင်မြင်ဆုံးနိုင်ငံများတွင် ယခင်က ပါဝင်ခဲ့သည့် သြစတြေးလျသည် ယခုအခါ COVID-19 ဒုတိယလှိုင်းအား တားဆီးထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရသည်။

ယခုအပတ်အစောပိုင်းတွင် ဗစ်တိုးရီးယားပြည်နယ်၌ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး ပြည်သူများ၏ နေ့စဉ်ကူးသန်းသွားလာနေမှုများကိုလည်း တင်းကျပ်ခဲ့သည်။

COVID-19 ကူးစက်မှုလျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းအချို့ကိုလည်း ပိတ်သိမ်းစေခဲ့သည်။ ထို့ပြင် COVID-19 ကူးစက်သူများအနက် သုံးပုံတစ်ပုံမှာလည်း နေအိမ်တွင်း မနေထိုင်ကြသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ပြင်းထန်သည့် ပြစ်ဒဏ်များပေးရန် လိုအပ်နေသည်ဟု ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒယ်နီရယ် အန်ဒရူးက သြဂုတ် ၄ ရက်တွင် ပြောဆိုခဲ့သည်။

ကန့်သတ်မှုစည်းမျဉ်းများကို လိုက်နာလာရေးအတွက် တပ်ဖွဲ့ဝင် ၅၀၀ ကို ဗစ်တိုးရီး ယားပြည်နယ်၌ တပ်ဖြန့်ထားမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် အန်ဒရူးက ဆိုသည်။

ထို့အတူ နေအိမ်အတွင်း နေထိုင်ရမည့် စည်းမျဉ်းကို ချိုးဖောက်သူ မည်သူမဆို ဒဏ်ငွေအ ဖြစ် သြစတြေးလျဒေါ်လာ ၅၀၀၀ (ဒေါ်လာ ၃၅၅၉) ပေးဆောင်ရမည်ဖြစ်သည်ဟု သိရသည်။

"ကိုယ့်ရဲ့အိမ်ကနေပြီး အပြင်ထွက်ခွင့်အတွက် အကြောင်းပြစရာ မရှိပါဘူး။ ကိုယ့်ရဲ့ အိမ်ကို စွန့်ခွာပြီး အပြင်ထွက်ခဲ့မယ်ဆိုရင်တော့ ခင်ဗျားတို့ ဒုက္ခရောက်ပြီသာ မှတ်ပါ၊ ခင်ဗျားဟာ တရားဥပဒေနဲ့အညီ အပြင်ထွက်တယ်ဆိုတာကိုလည်း ရဲတွေက ယုံမှာ မဟုတ်ပါဘူး" ဟု အန်ဒရူးက သတင်းထောက်များကို မဲလ်ဘုန်းမြို့၌ ပြောဆိုခဲ့သည်။

သြစတြေးလျ၌ COVID-19 ကူးစက်သူ ၁၉၀၀၀ နီးပါး ရှိနေပြီး သေဆုံး သူ ၂၃၂ ဦး ရှိနေပြီဖြစ်သည်။