စက်တင်ဘာတွင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်မည်ဟု ရုရှားထုတ်ပြန်

စက်တင်ဘာတွင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်မည်ဟု ရုရှားထုတ်ပြန်

COVID-19 ကာကွယ်ဆေး အမြောက်အမြား ထုတ်လုပ်မှုကို လာမည့်စက်တင်ဘာလတွင် စတင်လုပ်ဆောင်ရန် ရည်ရွယ်နေပြီဖြစ်ကြောင်း ရုရှားက သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တစ်လလျှင် ကာကွယ်ဆေး တစ်ခါသုံးပမဏ သန်းပေါင်းများစွာကို ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း ရုရှားက ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသည် COVID-19 ကာကွယ်ဆေးစမ်းသပ်မှုတွင် အခြားနိုင်ငံများထက် ရှေ့ရောက်နေပြီး မော်စကိုရှိ ဂါမာလီယာအင်စတီကျုမှ စမ်းသပ်နေသော ကာကွယ်ဆေးတစ်မျိုးဆိုလျှင် တိုးတက်မှုထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး တရား၀င်မှတ်ပုံတင်တော့မည်ဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။

"စက်တင်ဘာမှာ အမြောက်အမြား စတင်ထုတ်လုပ်ဖို့အတွက် ကျွန်တော်တို့ အများကြီး မျှော်လင့်ထားတယ်" ဟု စက်မှု၀န်ကြီး ဒန်းနစ်မန်တူရော့ဗ်က Tass သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်ပြောဆိုခဲ့သည်။

လာမည့် ၁၀ ရက်အတွင်း ကာကွယ်ဆေးကို တရားဝင်မှတ်ပုံတင်နိုင်မည်ဟု မျှော်လင့်ကြောင်း စမ်းသပ်မှုများအား ငွေကြေးထောက်ပံ့နေသည့် ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဌာန၏အကြီးအကဲ ကီရီး ဒီမီထရီယက်ကပြောဆိုခဲ့သည်။