အမေရိကန်ပြည်ထောင်စုတစ်ဝန်း COVID-19 ကူးစက်သူဦးရေ မြင့်တက်နေချိန်တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်စီစဉ်မှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းစီရင်စု ၃၅ ခုကျော်မှ ဆရာများနှင့် စာသင်ကျောင်းဝန်ထမ်းများက သြဂုတ် ၃ ရက်တွင် ချီတက်ဆန္ဒပြခဲ့သည်။
သြဂုတ်နှင့် စက်တင်ဘာတွင် စာသင်ကျောင်းများ ပြန်ဖွင့်မည့်အစီအစဉ်ကို သိပ္ပံနည်းကျထောက်ခံတင်ပြနိုင်မှသာ စာသင်ကျောင်းများကို ပြန်ဖွင့်ရန် ဆန္ဒပြသူများကတောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများသည် ၎င်းတို့စီးနင်းသည့် ကားများကို မော်တော်ယာဉ်တန်းများဖြစ်အောင် စီစဉ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မော်တော်ယာဉ်များ၏ကိုယ်ထည်တွင်လည်း ဆန္ဒထုတ်ဖော်သည့် စာသားများကို ရေးသားဖော်ပြခဲ့သည်။
ကျောင်းသားဦးရေလျှော့ချထားသည့် စာသင်ခန်းများထားရှိခြင်း၊ COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအကြံပေးများနှင့် သူနာပြုအလုံအလောက်ထားရှိပေးခြင်း အစရှိသည့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်မှုများရှိမှသာ စာသင်ကျောင်းများကို ပြန်ဖွင့်ရန် တိုက်တွန်းခဲ့ကြသည်။
ဆန္ဒပြသူများသည် ကျောင်းသားများ၏အုတ်ဂူအတုများကိုပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း မီဝေါ်ကီဆရာအသင်းက တွစ်တာ၌ ရေးသားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ သြဂုတ် ၂ ရက်အထိ ခုနစ်ရက်တာကာလအတွင်း COVID-19 ဖြင့် လူ ၈၅၀၀ ကျော်သေဆုံးခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့်သေဆုံးသူ ၁၅၅၀၀၀ ကျော်ရှိနေပြီဖြစ်သည်။
COVID-19 ကြောင့် ငွေကြေးအကျပ်အတည်းကြုံနေရသည့် ကျောင်းသားမိဘများကိုလည်း အကူအညီပေးရန် ဆရာများက တောင်းဆိုခဲ့သည်။
COVID-19 ကြောင့် အလုပ်အကိုင်ဆုံးရှုံးခဲ့သည့် အမေရိကန်သန်းပေါင်းများစွာတို့အား အကူအညီပေးရန်အတွက် စီးပွားရေးအကူအညီပေးရေးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ကွန်ဂရက်ရှိ ဒီမိုကရက်တစ်အမတ်များနှင့် ထရမ့်အစိုးရအရာရှိများကြား ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

















