ဘရာဇီးသမ္မတရုံးဝန်ကြီး ဗိုလ်ချုပ် ဝေါ်လ်တာ ဆူဇာ ဘရာဂါနက်တိုသည် COVID-19 ကူးစက်ခံထားရပြီဖြစ်ကြောင်း သမ္မတရုံးက သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝေါ်လ်တာ ဆူဇာ ဘရာဂါ နက်တိုသည် COVID-19 ကူးစက်ခံရသော ၇ ယောက်မြောက် ဝန်ကြီးလည်းဖြစ်သည်။
ဘရာဂါနက်တိုသည် ကျန်းမာရေး ကောင်းမွန်နေပြီး ရောဂါလက္ခဏာ မပြကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းသည် စစ်ဆေးမှုသစ်များနှင့် ဆေးပညာဆိုင်ရာသုံးသပ်မှုများကို မပြုလုပ်မီအထိ သီးခြားခွဲ၍နေထိုင်သွားရမည်ဖြစ်ကာ အလုပ်တာ၀န်များကို အဝေးမှသာ ထမ်းဆောင်သွားမည်ဖြစ်သည်။
ဘရာဇီးသမ္မတ ဘိုဆိုနာရို၏ ဇနီးနှင့် ဝန်ကြီးတစ်ဦးတို့ COVID-19 ကူးစက်ခံထားရကြောင်း လွန်ခဲ့သောအပတ်တွင် ထုတ်ပြန်ခဲ့သည်။
ဘိုဆိုနာရိုသည်လည်း COVID-19 ကူးစက်ခံထားရပြီးနောက် သီးခြားနေထိုင်ခဲ့ရကာ နောက်ဆုံးထွက်ရှိသည့် စစ်ဆေးမှုရလဒ်များအရ ရောဂါပိုးကင်းစင်ပြီဖြစ်ကြောင်း သိရသည်။
သမ္မတဘိုဆိုနာရိုက အဆုတ်ကျန်းမာရေးမကောင်းသေးသောကြောင့် ပဋိဇီဝဆေးများသောက်နေရကြောင်း လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သော်လည်း သြဂုတ် ၃ ရက်တွင်မူ ရောဂါပျောက်ကင်းပြီး ကျန်းမာလျက်ရှိနေကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။
၎င်း၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောဆိုခြင်းမရှိခဲ့ချေ။
ဘရာဇီးသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် COVID-19 ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံဖြစ်သည်။
ဘရာဇီး၌ COVID-19 စတင်ချိန်မှ ယခုအချိန်အထိ ကူးစက်သူ ၂ ဒသမ ၇၅ သန်းကျော်နှင့် သေဆုံးသူမှာ ၉၄၆၆၅ ဦး ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

















