ဗီယက်နမ်မြို့တော် ဟနွိုင်း၌ COVID-19 စစ်ဆေးစက် ပြတ်လပ်

ဗီယက်နမ်မြို့တော် ဟနွိုင်း၌ COVID-19 စစ်ဆေးစက် ပြတ်လပ်

ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀ ဦးနှင့် သေဆုံးသူသစ် နှစ်ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၆၅၂ ဦးနှင့် သေဆုံးသူရှစ်ဦးရှိနေပြီဖြစ်ကာ မြို့တော် ဟနွိုင်း၌လည်း COVID-19 စစ်ဆေးပြီး အချိန်တိုတွင်းရလဒ်ထုတ်ပေးနိုင်သည့် စစ်ဆေးစက်များ ပြတ်လပ်နေပြီသည်။

COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်းနှင့် တင်းကျပ်စွာ သီးခြားထားရှိစောင့်ကြည့်မှုစနစ်များကြောင့် ဗီယက်နမ်သည် COVID-19 ကနဦးဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ပြည်တွင်းကူးစက်သူမရှိဘဲ သုံးလကျော်ခန့်ကြာမြင့်ခဲ့ပြီးနောက် နိုင်ငံအလယ်ပိုင်း ဒါနန်းနှင့်ဆက်စပ်၍ ကူးစက်သူအစုလိုက်အပြုံလိုက်ပြန်ရှိလာခဲ့သည်။

ဇူလိုင် ၂၅ ရက်မှစ၍ ကူးစက်သူသစ် ၂၀၀ ကျော်ရှိလာခဲ့ပြီး အများစုသည် ဒါနန်းရှိ ကူးစက်မှုနှင့်ဆက်စပ်နေသည်။ ဒါနန်းရှိ ကူးစက်မှုသည် ဟနွိုင်းနှင့် ဟိုချီမင်းစီးတီးအပါအဝင် မြို့နှင့် ခရိုင်ရှစ်ခုတို့သို့ ပျံံ့နှံ့သွားခဲ့ပြီဖြစ်သည်။

ဒါနန်းမြို့နှင့် ဗဟိုကုန်းမြင့်ဒေသရှိ ဘွန်မာသို့တို့၌ ကူးသန်းသွားလာမှု ပိတ်ပင်ထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးသန်းသွားလာမှုပိတ်ပင်ရန်မရှိကြောင်း အစိုးရ၏ပြောခွင့်ရှိသူက သြဂုတ် ၃ ရက်တွင် ပြောဆိုခဲ့သည်။

ဇူလိုင် ၈ ရက်မှစ၍ ပြည်တွင်းခရီးသွား ၈၈၀၀၀ ကျော်သည် ဒါနန်းမှ ဟနွိုင်းသို့ပြန်လာခဲ့ကြပြီးဖြစ်သော်လည်း လူ ၇၀၆၈၉ ဦးကိုသာ COVID-19 ရှိမရှိစစ်ဆေးခဲ့ရပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းတို့အနက် နှစ်ဦးသာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ COVID-19 ရှိမရှိ စစ်ဆေးပြီး အချိန်တိုအတွင်း ရလဒ်ထွက်သည့် စစ်ဆေးစက်များ ပြတ်လပ်နေသောကြောင့် ပြည်တွင်းခရီးသွားအားလုံးကို မစစ်ဆေးနိုင်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

ဟနွိုင်းရှိ ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာဌာနများသည် COVID-19 ရှိမရှိစစ်ဆေးမှုများကို တိုးမြှင့်ပြုလုပ်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ သွေးနမူနာယူပြီး စစ်ဆေးသည့် နည်းလမ်းသည် မိနစ်ပိုင်းအတွင်း ရလဒ်ထွက်သော်လည်း မှန်ကန်မှုနည်းပါးရာ ကူးစက်ခံရထားကြောင်း သံသယဖြစ်စရာအဖြေထွက်ပါက ပိုမိုသေချာသည့် တို့ဖတ်နမူနာယူသည့် နည်းလမ်းဖြင့် စစ်ဆေးလေ့ရှိသည်။

COVID-19 ရှိမရှိစစ်ဆေးသည့် စက်များ ပြတ်လပ်ခြင်းမရှိကြောင်း စစ်ဆေးစက်ထုတ်လုပ်သည့် Viet A Corp ထုတ်လုပ်သည့် ကုမ္ပဏီ၏ဥက္ကဋ္ဌ ဖန်ကို ဗီယက်ကပြောဆိုခဲ့သည်။