ဖိလစ်ပိုင်၌ သြဂုတ် ၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၃၅၁ ဦးဖြင့် ကူးစက်သူသစ်စံချိန်တင်

ဖိလစ်ပိုင်၌ သြဂုတ် ၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၃၅၁ ဦးဖြင့် ကူးစက်သူသစ်စံချိန်တင်

ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ် ၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၃၅၂ ဦးရှိခဲ့သောကြောင့် အရှေ့တောင်အာရှ၌ တစ်ရက်အတွင်း ကူးစက်သူသစ် အများဆုံးရှိခဲ့သည်။

သြဂုတ် ၄ ရက်တွင် ရှိခဲ့သည့် ကူးစက်သူသစ်ဦးရေသည် ဖိလစ်ပိုင်၌ လွန်ခဲ့သော ခြောက်ရက်အတွင်း ပဉ္စမမြောက်စံချိန်တင်မြင့်တက်မှုဖြစ်သည်။ ဖိလစ်ပိုင်၌ COVID-19 ကူးစက်သူ ၁၁၂၅၉၃ ဦးရှိနေပြီဖြစ်သည်။ ဖိလစ်ပိုင်၌ သြဂုတ် ၄ ရက်တွင် COVID-19 ဖြင့်သေဆုံးသူသစ် ၁၁ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၂၁၁၅ ဦးရှိနေပြီဖြစ်သည်။

ဖိလစ်ပိုင်၌ COVID-19 ကူးစက်သူသစ်ဦးရေ ပြန်လည်မြင့်တက်လာသောကြောင့် ကူးစက်မှုလျှော့ချရေးအတွက် သြဂုတ် ၄ ရက်မှစ၍ မြို့တော် မနီလာနှင့် ဝန်းကျင်ခရိုင်များ၌ ရက်သတ္တ နှစ်ပတ်ကြာ ကူးသန်းသွားလာမှုပိတ်ပင်မှုများ ပြန်လည်သက်ရောက်ခဲ့သည်။ မြို့တော် မနီလာ၊ အနီးဝန်းကျင်ရှိ လာဂူနာ၊ ကာဗိုက်၊ ရီဇယ်နှင့် ဘူလာကန်တို့အပါအဝင်ခရိုင်တချို့၌ သြဂုတ် ၁၈ ရက်အထိ ကူးသန်းသွားလာမှုပိတ်ပင်ချက် သက်ရောက်မည်ဖြစ်ကြောင်း အစိုးရက သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အများပြည်သူ သယ်ယူပို့ဆောင်မှုစနစ် ရပ်ဆိုင်းထားမည်ဖြစ်ပြီး ဖြစ်နိုင်လျှင် နေအိမ်မှသာ အလုပ်လုပ်ရမည်ဖြစ်ကာ မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန် တစ်အိမ်ထောင်လျှင် လူတစ်ဦးသာ အပြင်ထွက်ခွင့်ရမည်ဖြစ်သည်။