အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံထားရသော ငွေအများစုကို ပရဟိတအတွက်သုံးခဲ့ကြောင်း နာဂျစ် ရာဇတ် ဖြေရှင်း

အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံထားရသော ငွေအများစုကို ပရဟိတအတွက်သုံးခဲ့ကြောင်း နာဂျစ် ရာဇတ် ဖြေရှင်း

နိုင်ငံပိုင်ရန်ပုံငွေ 1MDB ထဲမှ အလွဲသုံးလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ငွေများအနက် အများစုအား ပရဟိတအတွက် အသုံးပြုခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က သြဂုတ် ၃ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ရရှိခဲ့သော ငွေ ၉၉ ရာခိုင်နှုန်းကို ပရဟိတအတွက်သာ အသုံးပြုခဲ့ကြောင်း နာဂျစ်က သြဂုတ် ၃ ရက်တွင် ဖေ့စ်ဘွတ်ခ်၌ တင်ခဲ့သည့် ဗီဒီယိုဖိုင်အရသိရသည်။ ပဲကန်ရှိ မိဘမဲ့ဂေဟာသို့ ရင်းဂစ် ၄၀၀၀၀၀(  ၉၄၈၅၆ ဒေါ်လာ) လှူဒါန်းခဲ့ပြီး မိဘမဲ့များအား ကူညီသည့်အတွက် ဒဏ်ငွေ ရင်းဂစ် နှစ်သန်း ချမှတ်ခံခဲ့ရကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။

ထို့ပြင် ညီညွတ်သော မလေးအမျိုးသားအဖွဲ့သို့ ရင်းဂစ် ၆၅၀၀၀၀ လှူဒါန်းခဲ့သည့်အတွက် ဒဏ်ငွေ ရင်းဂစ် ၃ ဒသမ ၂၅ သန်းချမှတ်ခံခဲ့ရကြောင်း နာဂျစ်ကဆက်လက်ပြောဆိုခဲ့သည်။ မလေးရှားဥပဒေအရ ငွေမည်းခဝါချမှုကျူးလွန်သူများသည် ထောင်ဒဏ် ၁၅ နှစ်နှင့် ဒဏ်ငွေ ရင်းဂစ် ငါးသန်း သို့မဟုတ် ယင်းထက်ပိုမိုသော ငွေမာဏကို ချမှတ်ခံရမည်ဖြစ်သည်။

ပါတီနှင့် နိုင်ငံသားများအတွက် ငွေများသုံးစွဲခဲ့သည်ကို သက်သေပြစရာများစွာရှိနေကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။ လှူဒါန်းမှုများကြောင့် အောက်ခြေလူတန်းစားများ၏ထောက်ခံမှုကို ရရှိခဲ့ကြောင်း ၎င်းကပြောဆိုခဲ့သည်။

နိုင်ငံပိုင်ရန်ပုံငွေ 1MDB ထဲမှ ရင်းဂစ်သန်းပေါင်းများစွာကို ၎င်းပိုင်ဘဏ်ငွေစာရင်းထဲသို့ လွှဲပြောင်းခဲ့မှုဖြင့် နာဂျစ်သည် ဇူလိုင် ၂၈ ရက်တွင် ထောင်ဒဏ် ၁၂ နှစ်နှင့် ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ချမှတ်ခံခဲ့ရသည်။ နာဂျစ်သည် အာဏာအလွဲသုံးစားမှု၊ ငွေမည်းခဝါချမှု၊ ရာဇဝတ်မှုမြောက်သော ယုံကြည်မှုချိုးဖောက်မှုများဖြင့် တရားစွဲဆိုခံထားရသည်။

၂၀၀၉ မှ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော နာဂျစ်သည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင် 1MDB ထဲမှ ရင်းဂစ် ၄၂ သန်းကို ၎င်းပိုင်ဘဏ်ငွေစာရင်းများထဲသို့ လွှဲပြောင်းထည့်သွင်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ရာဇဝတ်မှုမြောက်သော ယုံကြည်မှုချိုးဖောက်မှု တစ်မှုစီအတွက် နာဂျစ်သည် ထောင်ဒဏ် ၁၀ နှစ်၊ ငွေမည်းခဝါချမှုတစ်မှုစီအတွက် နာဂျစ်သည် ထောင်ဒဏ် ၁၀ စီ အသီးသီးချမှတ်ခံခဲ့ရသည်။ အာဏာအလွဲသုံးစားလုပ်မှုအတွက် နာဂျစ်သည် ထောင်ဒဏ် ၁၂ နှစ်ကျခံရမည်ဖြစ်သလို  ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ကိုလည်းပေးဆောင်ရမည်ဖြစ်သည်။ ဒဏ်ငွေကိုပေးဆောင်နိုင်ခြင်းမရှိပါက နာဂျစ်သည် ထောင်ဒဏ်ငါးနှစ်ကျခံရမည်ဖြစ်သည်။