အမေရိကန်ပြည်ထောင်စု၌ အခြေစိုက်သည့် တရုတ်သတင်းသမားများအားလုံး နိုင်ငံတွင်းမှ ထွက်ခွာရပါက တန်ပြန်ဆောင်ရွက်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏အာဘော်ကို ဖော်ပြနေသည့် ဂလိုဘယ်တိုင်းမ်သတင်းစာ အယ်ဒီတာချုပ် ဟူရီချင်းက သြဂုတ် ၄ ရက်တွင် ပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် တရုတ်သတင်းသမားများ၏ဗီဇာကို သက်တမ်းတိုးခွင့်မပေးဘဲ တရုတ်သတင်းသမားအားလုံးကို အမေရိကန်မှနှင်ထုတ်သည့် အဆိုးဆုံးအခြေအနေအတွက် တရုတ်ဘက်မှ ပြင်ဆင်ထားကြောင်း ဟူက တွစ်တာ၌ ရေးသားခဲ့သည်။
ယင်းသို့ဖြစ်လာပါက ဟောင်ကောင်တွင် အခြေစိုက်သည့် အမေရိကန်သတင်းသမားများအပါအဝင် အမေရိကန်သတင်းသမားအားလုံးကို လက်တုံ့ပြန်မည်ဖြစ်ကြောင်း ဟူက ရေးသားခဲ့သည်။ အမေရိကန်ပြည်ထောင်စုက နိုင်ငံတွင်းရှိ တရုတ်သတင်းသမားများကို နောက်ထပ်ရက် ၉၀ အထိသာ နေထိုင်ခွင့်ပြုခဲ့သည့် မေ ၁၁ ရက်မှစ၍ မည်သည့်တရုတ်သတင်းသမားကိုမျှ ဗီဇာသက်တမ်းတိုးခွင့်မပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဝမ် ဝန်ဘင်က သတင်းထောက်များအားပြောဆိုခဲ့သည်။
အမေရိကန်သည် တရုတ်အပေါ် ဆက်လက် ထိုးနှက်နေဦးမည်ဆိုပါက တရုတ်သည် ၎င်းတို့၏အခွင့်အရေးများကို ကာကွယ်ရန်အတွက် လိုအပ်ပြီး တရားဝင် တုံ့ပြန်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝမ် ဝန်ဘင်ကပြောဆိုခဲ့သည်။ တရုတ်သတင်းသမားမည်မျှ ထိခိုက်မှုရှိပြီး တရုတ်ဘက်မှ မည်ကဲ့သို့ တုံ့ပြန်မည်နှင့်ပတ်သက်၍ ဝမ်က ထုတ်ပြန်ပြောဆိုခြင်းမပြုခဲ့ချေ။ သို့သော် ဂလိုဘယ်တိုင်းသတင်းစာအယ်ဒီတာကမူ ဟောင်ကောင်ရှိ အမေရိကန်သတင်းသမားများ ပစ်မှတ်ထားတုံ့ပြန်ခံရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂလိုဘယ်တိုင်းမ်သတင်းစာကို တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူ့နေ့စဉ်သတင်းစာက ထုတ်ဝေနေခြင်းဖြစ်သည်။
ဇွန် ၁၁ ရက်တွင် အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံပိုင်မီဒီယာအဖွဲ့အစည်း နောက်ထပ်လေးခုကို နိုင်ငံခြားသံရုံးများနှင့်တူညီသော အဆင့်အတန်းအဖြစ် ပြောင်းလဲသတ်မှတ်ပြီး တရုတ်နိုင်ငံပိုင်မီဒီယာများ၏ အမေရိကန်ရှိ ရုံးခွဲများတွင် လုပ်ကိုင်ခွင့်ပြုသည့် တရုတ်နိုင်ငံသားဦးရေကို ၁၆၀ မှ ၁၀၀ အထိ လျှော့ချသတ်မှတ်ခဲ့သည်။ အမေရိကန်အစိုးရသည် ဖေဖော်ဝါရီတွင် တရုတ်မီဒီယာအဖွဲ့အစည်းငါးခုကို နိုင်ငံခြားသံရုံးများနှင့်တူညီသော အဆင့်အတန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီးဖြစ်သည်။

















