စုန်းအတတ်ဖြင့် မိဘနှစ်ပါးအား သေအောင်ပြုလုပ်ခဲ့သည်ဆိုသူ သားအဖ ၂ ဦးအား ပစ်သတ်သူများကို ဖမ်းမိ

စုန်းအတတ်ဖြင့် မိဘနှစ်ပါးအား သေအောင်ပြုလုပ်ခဲ့သည်ဆိုသူ သားအဖ ၂ ဦးအား ပစ်သတ်သူများကို ဖမ်းမိ

ထားဝယ်မြို့တွင် စုန်းအတတ်ဖြင့် မိဘနှစ်ပါးကို သေအောင်ပြုလုပ်ခဲ့သည်ဆိုသူ သားအဖ ၂ ဦးကို အုပ်စုဖွဲ့ သေနတ်ဖြင့်ပစ်သူများကို တရားစွဲဆိုတင်ပို့ရန် ဥပဒေအကြံပေးတောင်းခံထားကြောင်း သြဂုတ် ၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဇူလိုင် ၁၂ရက် သန်းခေါင်ကျော် ၁၂ နာရီခွဲ ခန့်တွင် ထားဝယ်မြို့နယ်၊အညာဖျားအုပ်စု၊ဒါးသွေး ကျောက်ရွာနေမရီရီဝင်းသည် ဥယျာဉ် ခြံအတွင်းရှိ အိမ်တွင် မိသားစု ၉ ဦးနှင့် အတူအိပ်ပျော် နေစဉ် ဆိုင်ကယ်သံကြားသဖြင့် ခင်ပွန်းဖြစ်သူအိမ်အောက်သို့ ဆင်သွားခဲ့သည်။

ထိုသို့ဆင်းသွားပြီးနောက် ခဏအကြာ သေနတ်သံ (၈ )ချက် ကြားရပြီးနောက် ခင်ပွန်းဖြစ်သူက ထွက်ပြေးရန် ၄င်းကို ပြောဆိုသဖြင့် ထွက်ပြေးခဲ့ကြရပြီး အသက် ၇၈ နှစ်အရွယ် ယောက္ခထီးဖြစ် သူစောအေးဇံမှာတစ်ဦးသာ နေအိမ်တွင် ကျန်ရစ်ခဲ့သည်။

ဆိုင်ကယ်စီးနင်းသူ သေနတ်သမား ၂ ဦး၏ ဆိုင်ကယ်ပြန်ထွက်သွားသံကြားရသဖြင့် နေအိမ်သို့ ပြန်လာကြည့်စဉ် ခင်ပွန်း စောလယ်ထူး မှာ နေအိမ်ရှေ့ တံစက်မြိတ်အောက်တွင် လညိးကောင်း၊ ယောက်ခမဖြစ်သူ စောအေးဇံမှာ နေအိမ်ရှေ့အခန်းတွင်လည်ကောင်း သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရှိရသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ထားဝယ်မြို့မရဲစခန်း(ပ)၃၀၁၈/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ဒုရဲမှူး စိုးသန့် နှင့်အဖွဲ့က စုံစမ်းခဲ့သည်။ပူးပေါင်းအဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သြဂုတ်လ ၁၅ ရက်နေ့တွင် အမှုဖြင့် မသင်္ကာသူ ဒါးသွေးကျောက် ရွာနေ သန်းဇော်ထွန်း(ခ)နော်ဒို(၃၆)နှစ်ကိုဖမ်းဆီးစစ်မေးသည်။

စစ်ဆေးချက်အရ သေဆုံးသူ စောအေးဇံမှာ ပြုစားတတ်သူတစ်ဦးဖြစ်ပြီး ၄င်းဖခင်ဖြစ်သူ ဦးလှထွန်းက လွန်ခဲ့သော ၃ နှစ်ခန့်က ၄င်းပိုင်သည့် ခြံကို သေဆုံးသူထံ ရောင်းချရာ ငွေတစ်ဝက်ခန့်သာရရှိခဲ့ ကြောင်း၊ ၄င်းမှာလည်း လက်နက်ကိုင်အဖွဲ့တစ်ခုသို့ ဝင်ရောက်ခဲ့ပြီး တာဝန်ထမ်းဆောင်လိုက်၊ ရွာသို့ပြန်ကာ ဥယျာဉ်လိုက်၊ ကိုင်းလိုက်ဖြင့်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် ၄င်း၏ ဖခင်အမှုတစ်ခုဖြင့်ထောင်ကျပြီး ထောင်ကထွက်လာစဉ် ခြံရောင်းရသည့် ကျန်ငွေကို စောအေးဇံထံ တောင်းရာ စကားများခဲ့ကြောင်း၊နောက်ပိုင်း ဖခင်ဖြစ်သူ ဝမ်းဗိုက်တွင် အနာပေါက်၍ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် သေဆုံးသွားခဲ့ပြီးနောက် အမေဖြစ်သူမှာလည်း ၉၆ ပါးရောဂါဖြင့် သေဆုံးသွားကြောင်းထွက်ဆိုခဲ့သည်။

ထိုသို့သေဆုံးခြင်းမှာ စောအေးဇံက စုန်းအတတ်ဖြင့် ပြုစားခြင်းကြောင့်ဖြစ်ကြောင်း ဒါးသွေးကျောက်ရွာနေ မိန်းမဖြစ်သူ၏ ဖခင် စောစလီ(ခ)စောစီးလီး နှင့် မိခင် ဂေါလီတို့ကို ပြောပြခဲ့ကြောင်း၊ ယောက္ခထီးဖြစ်သူက ၄င်းတို့အသိဖြစ်သူလက်နက်ကိုင်အဖွဲ့ဝင် စောအယ်သန်းညွန့်(ခ) သန်ညောအား လက်စားချေပေးရန် ပြောဆိုခဲ့ပြီး ထိုသို့လက်စားချေရန်အတွက် ယောက္ခမဖြစ်သူ ဂေါလီ က စောအယ်သန်းညွန့်(ခ)သန်ညောကို ငွေကျပ် ၅၀၀၀၀ ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဆက်လက်စုံစမ်းချက်များအရ အမှုတွင်ပါဝင်သူ ပုလောမြို့နယ်၊ ဘုရင့်တောင်ကျေးရွာနေ စောအယ်သန်းညွန်(ခ)သန်ညော(၂၄ နှစ်)ကို ဖမ်းဆီးခဲ့ပြီး ဒင်ပါတူမီးသေနတ်တစ်လက်ကိုသိမ်း ဆည်းရမိခဲ့သောကြောင့်ထားဝယ်မြို့မရဲစခန်း(ပ)၃၃၂၇/၂၀၂၀ လက်နက်ဥပဒေပုဒ်မ၁၉(စ) အရ ထပ်မံအမှုဖွင့် အရေးယူခဲ့သည်။

စုံစမ်းမှုများအရ အမှုတွင် စောနော်ဖိုး(ခ)စောဂျဲထူး(၂၀)နှစ်၊ နှစ်၊စောစလီ(ခ) စောစီးလီး(၅၅)နှစ်၊ဒေါ်ဂေါလီ(၅၄)နှစ်၊နှင့် စောဂျက်ဖိုး(ခ) စောအီးစက်(၁၈)နှစ် တို့ပါဝင်ကြောင်းသိရသဖြင့် ၄င်းတို့ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဆက်လက်ဖမ်းဆီးခဲ့သည်။

စောအယ်သန်းညွန့်(ခ)သန်ညောကို စစ်ဆေးချက်အရ အခင်းဖြစ်နေရာသို့ ဆိုင်ကယ် ၂ စီးဖြင့် သွားရောက်ခဲ့ပြီး အဆိုပါ သေနတ်ကို ၄င်းတို့ လက်နက်ကိုင်အဖွဲ့အစည်းမှ ဗိုလ်ကြီးအဆင့်ရှိသူထံ တောပစ်ထွက်မည်ဟုပြောဆိုကာကျည် ၁၀ တောင့်ပါ M 16 ဒင်တို သေနတ်တစ်လက်ကို ယူဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ်၊Nokia ဖုန်းတစ်လုံး၊အသုံးမပြုရသေးသည့် M 16 ကျည်ဆံ(၅)တောင့် နှင့်M16 သေနတ်တစ်လက် တို့ကို သိမ်းဆည်းရမိခဲ့သည်။၄င်းတို့ ၄ ဦးက ကျူးလွန်ခဲ့သည့် အမှုကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ဖြောင့်ချက်ပေးခဲ့ရာ ထားဝယ်မြို့နယ် တွဲဘက်တရားသူကြီး (၁) က ရာကြီးအထွေထွေအမှုအမှတ် ၅၀/၂၀ ဖြင့် လက်ခံခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့တွင် ဥပဒေအကြံပေးတောင်းခံထားပြီး သြဂုတ်လ ၁၂ ရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။