စင်ကာပူရှိ တောင်အာရှသားအများစုအပါအဝင် ရွှေ့ပြောင်းလုပ်သားများကြား ကိုယ့်ကိုယ်ကိုယ်သတ်သေမှုများရှိနေသောကြောင့် ယင်းတို့နှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်နေကြောင်း စင်ကာပူအစိုးရက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စင်ကာပူရှိ ရွှေ့ပြောင်း လုပ်သားများနေထိုင်သော အဆောင်များ၌ COVID-19 ကူးစက်မှုအကြီးအကျယ်ရှိခဲ့ပြီးနောက် အစိုးရက ယင်းအဆောင်များကို ဧပြီတွင် လူဝင်လူထွက်ပိတ်ပင်ခဲ့သည်။ လေးလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အဆောင်တချို့သည် ကူးသန်းသွားလာမှုပိတ်ပင်ခံထားရဆဲဖြစ်ကာ ရွှေ့ပြောင်းတချို့သည် ဗိုင်းရပ်စ်ကင်းစင်ပြီဖြစ်သော်လည်း အသွားအလာကန့်သတ်ခံထားရဆဲဖြစ်ပြီး မိခင်နိုင်ငံရှိ မိသားစုများ မှီခိုနေရသည့် ၎င်းတို့အလုပ်အကိုင်အနာဂတ်နှင့်ပတ်သက်၍ မသေချာမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
လူဝင်လူထွက်ပိတ်ပင်ခံထားရသဖြင့် စိတ်ကျဉ်းကျပ်နေသည့် လုပ်သားတချို့သည် အဆောင်များ၏ခေါင်မိုးများပေါ်တက်နေခြင်း၊ အထပ်မြင့်ပြတင်းပေါက်ဘောင်များ၌ ထိုင်ခြင်းတို့ရှိခဲ့ရာ ၎င်းတို့ကို စိတ်ကျန်းမာရေးဥပဒေဖြင့် ထိန်းသိမ်းမှုများလည်း ရှိခဲ့သည်။ သြဂုတ် ၂ ရက်တွင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရရှိအောင် လုပ်ဆောင်ပြီးနောက် လှေကားခြေရင်းတွင် သွေးအလိမ်းလိမ်းဖြင့် ရှိနေသည့် အသက် ၃၆ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သားတစ်ဦး၏ဓာတ်ပုံကို လူမှုမီဒီယာများတွင် ဝေမျှမှုများရှိခဲ့သည်။
အဆောင်များရှိ ရွှေ့ပြောင်းလုပ်သားများ မကြာသေးမီတွင် သတ်သေမှုနှင့် သတ်သေရန် ကြိုးပမ်းမှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း စင်ကာပူလူအင်အားဝန်ကြီးဌာနက သြဂုတ် ၅ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ စင်ကာပူ၌ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်တို့မှ ရွှေ့ပြောင်းလုပ်သား ၃၀၀၀၀၀ ခန့်အပါအဝင် COVID-19 ကူးစက်သူ ၅၄၀၀၀ ကျော်နှင့် သေဆုံးသူ ၂၇ ဦးရှိနေသည်။

















