အင်ဒိုနီးရှားနိုင်ငံပိုင် ဆေးဝါးကုမ္ပဏီ Bio Farma နှင့် တရုတ်ရှိ Sinovac Biotech Ltd တို့ကြား ပူးပေါင်းဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် အင်ဒိုနီးရှား၌ လာမည့်အပတ်တွင် COVID-19 ကာကွယ်ဆေးတစ်မျိုးကို လူသား၌ စမ်းသပ်မှု စတင်မည်ဖြစ်သည်။
အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ နေ့စဉ်နှင့်အမျှ တိုးပွားလာချိန်တွင် ကာကွယ်ဆေးစမ်းသပ်မှုကို စတင်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ အဆင့် ၃ စမ်းသပ်မှုကို သြဂုတ် ၁၁ တွင်စတင်မည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြား စေတနာ့ဝန်ထမ်း ၁၆၂၀ ဦးပါဝင်မည်ဖြစ်ကြောင်း ဘန်ဒေါင်းရှိ ပက်ဂျက်ဂျာရန်တက္ကသိုလ် သုတေသနဌာနအကြီးအကဲ ပါမောက္ခ ကူစ်နန္ဒီ ရူစမီလ်က သတင်းထောက်များအား ပြောဆိုခဲ့သည်။
ခြောက်လတာကာလအတွင်း အစမ်းသပ်ခံထက်ဝက်ခန့်သည် ကာကွယ်ဆေးထိုးနှံခံရမည်ဖြစ်ပြီး ကျန်ထက်ဝက်သည် အာနိသင်မရှိသော ဆေးများကို ထိုးနှံခံရမည်ဖြစ်သည်။ ယခုအချိန်အထိ စေတနာ့ဝန်ထမ်း ၈၀၀ ခန့်က စာရင်းပေးခဲ့ပြီးဖြစ်သည်။ "ပြည်သူတွေအတွက် အသုံးပြုနိုင်ဖို့ ကာကွယ်ဆေးရချင်ပါတယ်" ဟု ရူစမီလ်က ပြောဆိုခဲ့သည်။
သြဂုတ် ၅ ရက်အထိ အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ ၁၁၆၈၇၁ ဦးနှင့် သေဆုံးသူ ၅၄၃၂ ဦးရှိနေကာ အရှေ့အာရှ၌ ကူးစက်သူအများဆုံးရှိနေသည်။

















