ဒါနန်းမြို့ COVID-19 ကူးစက်မှု ထိန်းနိုင်ပြီဆိုနေသော်လည်း ခရိုင်နှစ်ခုသို့ ဆက်လက်ပျံ့နှံ့

ဒါနန်းမြို့ COVID-19 ကူးစက်မှု ထိန်းနိုင်ပြီဆိုနေသော်လည်း ခရိုင်နှစ်ခုသို့ ဆက်လက်ပျံ့နှံ့

ဗီယက်နမ်ရှိ COVID-19 တိုက်ဖျက်ရေးအထူးအဖွဲ့ကမူ နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့ရှိ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း  ကျန်းမာရေးဝန်ကြီးက ဗီယက်နမ်၌ COVID-19 ကူးစက်မှုသည် နောက်ထပ်ခရိုင်နှစ်ခုသို့ ကူးစက်သွားပြီဖြစ်ကြောင်း သြဂုတ် ၅ ရက်တွင် ပြောဆိုခဲ့သည်။

COVID-19 ကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ထိရောက်စွာ ခြေရာခံရှာဖွေခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်းနှင့် တင်းကျပ်သော သီးခြားထားရှိစောင့်ကြည့်မှုစနစ်ကျင့်သုံးခြင်းတို့ကြောင့် ဗီယက်နမ်၌ အစောပိုင်း COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ပြည်တွင်းကူးစက်မှုမရှိသည်မှာ သုံးလကျော်ကြာမြင့်ခဲ့ပြီးနောက် ဒါနန်းမြို့၌ ကူးစက်မှုပြန်ရှိလာခဲ့ပြီး မြို့နှင့် ခရိုင် ၁၀ ခန့်သို့ ဆက်လက်ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

သြဂုတ် ၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၁ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၇၁၃ ဦးနှင့် သေဆုံးသူ ရှစ်ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းခရီးသွားများ အစုလိုက်အပြုံလိုက်သွားရောက်တတ်သည့် ကမ်းခြေအပန်းဖြေမြု့ ဒါနန်း၌ ကူးစက်သူသစ်ရှိနေပြီဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ကူးစက်မှုသည် ဟနွိုင်းနှင့် ဟီချီမင်းစီးတီးကဲ့သို့ မြို့ပြဒေသများသို့ ပျံ့နှံ့သွားခဲ့သည်။

ဒါနန်း၌ ဗိုင်းရပ်စ်ပြန်လည်ဦးမော့လာချိန်မှစ၍ ကူးစက်သူသစ် ၂၆၄ ဦးရှိခဲ့သည်။ ဟနွိုင်းအနီးရှိ ဘက်ဂျန်းခရိုင်နှင့် တရုတ်နယ်စပ်ထားရှိ လန်ဆွန်ခရိုင်များသို့ COVID-19 ကူးစက်မှုပျံ့နှံ့သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ငုယင် သန်း လွန်က နိုင်ငံပိုင်သတင်းဌာနသို့ သြဂုတ် ၅ ရက်တွင် ပြောဆိုခဲ့သည်။

လူဝင်လူထွက်ပိတ်ပင်ထားသည့် ဒါနန်းနှင့် အနီးဝန်းကျင်ရှိ ကွန်နမ်ခရိုင်တို့၌ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း COVID-19 အခြေအနေကြီးကြပ်ရေးကော်မတီက သြဂုတ် ၄ ရက် အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။ ဒါနန်း၌ ကူးစက်မှုပြန်ရှိသည့် အကြောင်းအရင်းကို မသိရသေးချေ။<

ဒါနန်းရှိ ကူးစက်သူများအနက် ခြောက်ဦးမျှလွဲ၍ ကျန်လူအားလုံးသည် မြို့တွင်းရှိ ဆေးရုံသုံးရုံနှင့် ဆက်စပ်မှုရှိသူများဖြစ်ကြသည်။ ကမ္ဘာတစ်ဝန်း COVID-19 ဒုတိယလှိုင်းဖြစ်ပွားနေသော်လည်း ဗီယက်နမ်တွင် ယင်းကဲ့သို့ အဖြစ်ခံမည်မဟုတ်ကြောင်း ကော်မတီအကြီးအကဲ ဗူ ဒူ ဒမ်က ပြောဆိုခဲ့သည်။

လာမည့် ၁၀ ရက်အတွင်း ဒါနန်း၌ ကူးစက်မှုအမြင့်ဆုံးအထိရောက်ရှိလိမ့်မည်ဖြစ်ပြီး ယင်းရက်အထိ နိုင်ငံတွင်း ကူးစက်သူသစ်ရှိနေဦးမည်ဖြစ်ကြောင်း ကျန်းမာရေးဒုတိယဝန်ကြီး ငုယင် ထရူယွန် ဆွန်က ပြောဆိုခဲ့သည်။