တောင်ကိုရီးယားနိုင်ငံ၌ သြဂုတ် ၆ ရက်တွင် ရေဘေးဒဏ်ခံပြည်သူများအား ကယ်ဆယ်ရန် သွားရောက်နေသည့် စက်လှေတချို့ တိမ်းမှောက်နစ်မြုပ်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးသမားခုနစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းသည်မှာ ၄၄ ရက်ရှိခဲ့ပြီဖြစ်ပြီး ယင်းသည် ၂၀၁၃ ခုနှစ်ကတည်းက ရက်အရှည်ကြာဆုံး မုတ်သုံရာသီလည်းဖြစ်ခဲ့သည်။ ဆိုးမြို့အရှေ့မြောက်ပိုင်း ချန်ချွန်းမြို့အနီး ဆည်တစ်ခုနားတွင် ရဲတပ်ဖွဲ့သုံးစက်လှေတစ်စင်းကို ငြိနေသည့် ဝိုင်ယာကြိုးများမှဖြည်ပေးနေစဉ်တွင် ကယ်ဆယ်ရေးစက်လှေသုံးစင်း ရေစီးထဲ မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။
စက်လှေတွင် လိုက်ပါလာသူတချို့ ရေထဲပြုတ်ကျကာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူမည်မျှရှိသည်ကို မသိရသေးကြောင်း မျက်မြင်သက်သေများက ယွန်ဟတ်သတင်းဌာနသို့ပြောဆိုခဲ့သည်။ အခြားနေရာများတွင်လည်း ရေကြီးရေလျှံမှုများကြောင့် လူ ၁၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ လူ ၁၆၀၀ ကျော်သည် နေအိမ်စွန့်ခွာခဲ့ရပြီးဖြစ်သည်။
အာဏာပိုင်များသည်လည်း ဆည်များ၏ရေထိန်းတံခါးများကို မဖြစ်မနေဖွင့်လိုက်ရပြီးနောက် ဆိုးလ်မြို့တစ်လျှောက်ရှိ ဟန်မြစ်ကမ်း နေရာတချို့တွင် ရေလျှံမှုများရှိခဲ့သည်။ မြစ်နားရှိ အဝေးပြေးလမ်းမများကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။
သြဂုတ် ၅ ရက်တွင် ဝန်ကြီးချုပ် ချွန်ဆဲကျွန်သည် ရေဘေးဒဏ်ခံဒေသတချို့သို့သွားရောက်ခဲ့ပြီး ခရိုင်များစွာတို့အား အထူးသဘာဝဘေးဇုန်များအဖြစ် သတ်မှတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်။ အစိုးရသည် သဘာဝဘေးဇုန်များသတ်မှတ်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို သြဂုတ် ၇ ရက်တွင် ဆုံးဖြတ်ဖွယ်ရှိနေပြီး သဘာဝဘေးဇုန်အဖြစ် သတ်မှတ်ခံရပါက အစိုးရအကူအညီများ ပိုမိုရရှိမည်ဖြစ်သည်။
မြောက်ကိုရီးယား၌လည်း ရေကြီးရေလျှံနေပြီး နိုင်ငံပိုင်မီဒီယာသည် ရေလျှံနေသည့် လမ်းမများပုံကို ဖော်ပြခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ထုတ်ပြန်ခြင်းမပြုခဲ့ချေ။

















