အိန္ဒိယရှိ ဆေးရုံတစ်ရုံ၌ မီးလောင်မှုကြောင့် COVID-19 လူနာရှစ်ဦးသေဆုံး

အိန္ဒိယရှိ ဆေးရုံတစ်ရုံ၌ မီးလောင်မှုကြောင့် COVID-19 လူနာရှစ်ဦးသေဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမဲဒါဘတ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၏ အထူးကြပ် မတ်ကုသဆောင်၌ သြဂုတ် ၆ ရက်တွင်  မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သောကြောင့် COVID-19 လူနာရှစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။ ဂူဂျာရတ်ပြည်နယ်ရှိ အကြီးဆုံးမြို့တွင် တည်ရှိသော ရှာရှီဆေးရုံအတွင်းသို့ ဒေါသတကြီးဖြင့် ဝင်ရောက်နိုင်ရန် ကြိုးပမ်းသည့် ကျန်ရစ်သူဆွေမျိုးများကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်။  ကျန်းမာရေးဝန်ထမ်းတစ်ဦး၏ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ (PPE) မီးလောင်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ဌာနများကပြောဆိုခဲ့သည်။

"ဝတ်စုံကို မီးစွဲတာခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ အဲဒါကို ရေလောင်းဖို့ အတွက် ပြေးထွက်လာပါတယ်။ ဒါပေမဲ့ မီးက အဆောင်တစ်ခုလုံးကို ကူးစက် လောင်ကျွမ်းသွားတယ်။ COVID-19 နဲ့ကုသမှုခံယူနေတဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး သုံးဦးဟာ လွတ်လမ်း မရှိခဲ့ပါဘူး။ သူတို့ဟာ မီးခိုးမွှန်တာနဲ့ မီးအပူတွေ ကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်"ဟု အာမဲဒါဘတ်မီးသတ်ဦးစီးဌာနမှ အရာရှိ ရာဂျက် ဘတ်က ပြောဆိုခဲ့သည်။

မွေးရပ်မြေရှိ ဆေးရုံမီးလောင်ကျွမ်းမှု အဖြစ်ဆိုးအတွက် ဝမ်းနည်းရကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက တွစ်တာ၌ ရေးသားခဲ့သည်။ အိန္ဒိယရှိ ဘဏ္ဍာရေးလုပ်ငန်းများတည်ရှိရာ မွမ်ဘိုင်း၌  မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံကာ ဆေးရုံများအတွင်းသို့ ရေများဝင်ရောက်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများ သည် လူသွားစင်္ကြန်များတစ်လျှောက် ဒူးလယ်လောက်အထိရှိနေသည့် ရေများထဲတွင် သွားလာနေရသည်။

အိန္ဒိယ၌ သြဂုတ် ၆ ရက်တွင် COVID-19 ကူးစက်သူသစ်  ၅၆၂၈၂ ဦး ရှိခဲ့သောကြောင့် ကူးစက်သူစုစုပေါင်း ၁ ဒသမ ၉၆ သန်း နှင့် သေဆုံးသူ ၄၀၆၉၉ ဦး ရှိနေပြီဖြစ်သည်။