ကမ္ဘာပေါ်တွင် နျူးကလီးယားဗုံးဖြင့် ပထမဆုံး တိုက်ခိုက်ခံခဲ့မှုကြောင့် သေဆုံးခဲ့သူများကို အောက်မေ့သည့်အနေဖြင့် နှစ်စဉ်ပြုလုပ်နေကျ အခမ်းအနားကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့၌ သြဂုတ် ၆ ရက်တွင် ကျင်းပခဲ့ပြီး မြို့တော်ဝန် ကာဇူမိ မတ်ဆူအိက ကမ္ဘာ့ခေါင်း ဆောင်များအနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ပိုမို ကြိုးစား ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းသွားခဲ့သည်။
"နျူကလီးယားဗုံးနဲ့တိုက်ခိုက်ခံရပြီးနောက် မသေဘဲ ကျန်ခဲ့သူတွေရဲ့တိုက်တွန်းမှုတွေကို အလေးထားပြီး နျူလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ထိုး အတည်ပြုပေးဖို့ ဂျပန်အစိုးရကို တိုက်တွန်းလိုပါတယ်၊ နျူကလီးယား တိုက်ခိုက်မှုကို ခံထားရတဲ့ တစ်နိုင်ငံတည်းရှိတဲ့ ဂျပန်ဟာ ကမ္ဘာ့လူထုကြီး ကို ဟီရိုရှီးမားလိုစိတ်ဓာတ်မျိုး ဖြစ်လာဆောင် မဖြစ်မနေ ဆွဲဆောင်ရမယ်" ဟု ဟီရိုရှီးမားမြို့တော်ဝန် ကာဇူမိ မတ်ဆူအိက ပြောဆိုသွားခဲ့သည်။
ဂျပန်အစိုးရအနေဖြင့် သူတော်ကောင်းယောင်ဆောင်နေသည်ဟု ဗုံးဒဏ်မှ လွတ်မြောက်ကျန်ရစ်ခဲ့သူများက ထင်နေကြောင်း မတ်ဆုအိက ထောက်ပြခဲ့သည်။ ဂျပန် သည် လည်း ၂၀၁၇ ခုနှစ် နျူလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ကို ပါဝင်လက်မှတ်ရေး ထိုးခြင်း မရှိခဲ့ပေ။ ၇၅ ကြိမ်မြောက် အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် ၎င်းတို့၏ ပထမဆုံးသော အဏုမြူဗုံးကို ဟီရိုရှီးမားမြို့ပေါ်သို့ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၆ ရက် တွင် ကြဲချခဲ့ခြင်းဖြစ်ပြီး မြို့တစ်ခုလုံး ပျက်စီးသွားခဲ့ကာ လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့သည်။ ထို့နောက် သုံးရက်အကြာတွင် အမေရိကန် သည် နာဂါဆာကီမြို့ပေါ်သို့ ဒုတိယ အဏုမြူဗုံးတစ်လုံး ကြဲချခဲ့မှုကြောင့် လူပေါင်း ၇၀၀၀၀ သေဆုံးခဲ့သည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ဂျပန်သည် လက်နက်ချ အညံ့ခံခဲ့ပြီး ဒုတိယကမ္ဘာစစ်အဆုံးသတ်ခဲ့သည်။
နျူတိုက်ခိုက်မှုကြောင့် မသေဘဲကျန်ရစ်သူများ၊ ဆွေမျိုးများနှင့် အခမ်းအနားတက်ရောက်သူများသည် နံနက် ၈ နာရီ ၁၅ မိနစ်တွင် တစ်မိနစ်ခန့် တိတ်ဆိတ်စွာနေပြီး အခမ်းအနားပြုလုပ်ခဲ့သည်။ COVID-19 ရောဂါ ပျံ့နှံ့မှုရှိနေဆဲဖြစ်သည့်အတွက် ဟီရိုရှီးမားငြိမ်းချမ်းရေး အောက်မေ့ဖွယ်ဥယျာဉ်ကို လူဝင်ထွက်မှု ကန့်သတ်ထားခဲ့သည်။

















