ပြင်ဦးလွင်မြို့တွင် ကျပ်သိန်း၂၃၀၀ ကျော်တန်ဖိုးရှိ လက်ကိုင်ဟန်းဆက်များအကောက်ခွန်မဲ့ ဖမ်းဆီး ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန(မန္တလေး)မှသိရသည်။
သြဂုတ် ၇ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် ပြင်ဦးလွင်မြို့နယ် မြို့ရှောင်လမ်းနှင့် x-ray စက်ဖြတ်သန်းမည့် မူဆယ် - လားရှိုးဘက်မှ မောင်းနှင်လာပြီး မန္တလေးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ၁၂ ဘီး ဟီးနိုးယာဉ်ကိုတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနမှ ဦးစီးအရာရှိ ဦးစီးသောအဖွဲ့ပါဝင်သည့်ပူးပေါင်းအဖွဲ့ကတားဆီးစစ်ဆေးခဲ့သည်။
အဆိုပါ ယာဉ်ပေါ်တွင် အကောက်ခွန်ပေးဆောင်ထားခြင်းမရှိသည့် စမတ်ဖုန်းများတွေ့ရှိရသဖြင့် မန္တလေးတိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာနမှူးရုံး ဖွင့်ဖောက်စစ်ဆေးခဲ့သည်။
အဆိုပါစက္ကူကတ်ထူပုံးများအတွင်း Redmi Note-9 Pro အပါအဝင် လက်ကိုင်ဟန်းဆက် အမျိုးအစား ၁၀ မျိုး ကာလတန်ဖိုး ကျပ်၂၃၀,၄၆၆,၀၀၀ ဖိုးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားကြောင်းသိရသည်။

















