လားရှိုးမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ဖမ်းမိ

လားရှိုးမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ဖမ်းမိ

လားရှိုးမြို့သို့ တန့်ယန်းလမ်းဘက် ဝင်ရောက်ကာ မြဝတီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်မည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံမှသိရသည်။

သြဂုတ် ၆ ရက်နေ့တွင် လားရှိုး-တန့်ယန်းသွား ကားလမ်း ခါးသျှီကျေးရွာအဝင် လမ်းမပေါ်တွင် လားရှိုးမှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က ယာဉ်ပိတ်ဆို့ စစ်ဆေးနေစဉ် တန့်ယန်းမြို့ဘက်မှ ALPHARD ၊ PRADO နှင့် PAJERO ယာဉ် ၃ စီးတို့ ဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၉ ဦး၊ တရုတ်နိုင်ငံသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

၄င်းတို့ကို ခေါ်သွင်းလာသူ လားရှိုးမြို့ ရပ်ကွက် (၇) ရွှေလယုန်ကားဂိတ်အနီးနေ အောင်မြင့် ၊ကွမ်းလုံမြို့ နမ့်ကွမ်းကျေးရွာနေ ကော်ချီ နှင့် လားရှိုးမြို့ခေးနှင်းကျေးရွာနေ အားနိမ် တို့ ၃ ဦးကိုလည်းအမှုဖွင့်အရေးယူထားသည်။

အဆိုပါတရုတ်နိုင်ငံသားများသည် လားရှိုးမြို့မှတစ်ဆင့် မြဝတီမြို့တွင် သွားရောက်အလုပ် လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းကာ ဆက်လက် အရေးယူထားကြောင်းသိရသည်။