ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

မိုင်းရယ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဆိုင်ကယ်ဖြင့်သယ် ဆောင်လာသည့် ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ်လ ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

သြဂုတ်လ ၆ ရက်နေ့ မွန်းတည့် ၃ နာရီ ၁၅ မိနစ် အချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-လားရှိုး သွားကားလမ်းတွင် မိုင်းရယ်မြို့နယ်ဘက်မှ လားရှိုးမြို့ဘက်သို့ မိုင်းရှူးမြို့၊ ရပ်ကွက် (၄)နေသူများဖြစ်သည့် မနန်းဆိုင်ဆာ ၁၇ နှစ်မောင်းနှင်ပြီး မနန်းဟွမ်လှိုင် ၁၈ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးခဲ့သည်။

အဆိုပါ ဆိုင်ကယ်စီးနင်းသူ နှစ်ဦး၏ ခန္ဒာကိုယ်တွင် သိုဝှက်သယ်ဆောင်လာသော ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀၀၀၀ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မိုင်းရယ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်အမှုဖွင့် အရေးယူထားသည်။