အာဆင်နယ်သည် အဓိကတိုက်စစ်မှူး အော်ဘာမီယန်နှင့် သုံးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။
အသက်(၃၁)နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူး လည်းဖြစ်သူ အော်ဘာမီယန်သည် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီက ဒေါ့မွန်မှ အာဆင်နယ်သို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေးဖြစ်သည့် ပေါင် ၅၆ သန်းဖြင့်ရောက်ရှိလာသူဖြစ်ပြီး ပြိုင်ပွဲစုံ ၁ဝ၉ ပွဲကစားခဲ့ရာ ဂိုး ၇ဝ သွင်းယူထားသူဖြစ်သည်။
အော်ဘာမီယန်သည် လက်ရှိစာချုပ်မှာ လာမည့်နှစ်ဘောလုံးရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လန်ဒန်ကလပ်ကို စွန့်ခွာမည်ဟုလည်း သတင်းများ မကြာခဏထွက်ပေါ်ခဲ့သည်။
အော်ဘာမီယန်သည် သက်တမ်းတိုးစာချုပ်အရ အာဆင်နယ်တွင် လာမည့် ၂ဝ၂၃ ခုနှစ်အထိ ပါဝင်ကစားမည် ဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းခွဲ အကျိုးခံစားခွင့်ရမည်ဟု ဒေးလီးမေးလ်က ဆိုသည်။
အော်ဘာမီယန်သည် ချယ်လ်ဆီးအားအနိုင်ရခဲ့သည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အနိုင်ဂိုးများသွင်းယူကာ ခြေစွမ်းပြခဲ့သည်။















