ဟောင်ကောင်ရှိ နိုင်ငံရေးလွတ်လပ်ခွင့်များကို ဖိနှိပ်မှုဖြင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်၊ ဟောင်ကောင်ရဲချုပ်ဟောင်းနှင့် လက်ရှိရဲချုပ်၊ အခြားထိပ်တန်းအရာရှိရှစ်ဦးတို့အပေါ် အမေရိကန်အစိုးရက သြဂုတ် ၇ ရက်တွင် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့သည်။
ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူများအပေါ် ဟောင်ကောင်အုပ်ချုပ်သူများက ဖိနှိပ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လွန်ခဲ့သောလတွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အရ ပိတ်ဆို့မှုများကို ချမှတ်လိုက်ခြင်းဖြစ်သည်။
လမ်သာမက ဟောင်ကောင်ရဲမှူး ခရစ်တန်၊ ၎င်း၏ရှေ့က ရဲမှူးတာဝန်ထမ်းဆောင်ခဲ့သည့် စတီဖင် လို၊ ဟောင်ကောင်လုံခြုံရေးအတွင်းဝန် ဂျွန် လီကာချူး၊ တရားရေးအတွင်းဝန် ထရီဆာ ချန်းတို့လည်း ပိတ်ဆို့မှုချမှတ်ခံခဲ့ရသည်။
အခြားပိတ်ဆို့မှုခံရသူများတွင် ဟောင်ကောင်ရှိ တရုတ်ပြည်မကြီးအရာရှိ လှို ဟူနင်း၊ ပေကျင်းရှိ ဟောင်ကောင်နှင့်မကာအိုရေးရာရုံးအကြီးအကဲ ရှား ပေါင်လွန်တို့လည်းပါဝင်သည်။

















