ဗီယက်နမ်၌ COVID-19 ကူးစက်မှုအန္တရာယ်မြင့်မားနေဆဲဖြစ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်ပြော

ဗီယက်နမ်၌ COVID-19 ကူးစက်မှုအန္တရာယ်မြင့်မားနေဆဲဖြစ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်ပြော

ဗီယက်နမ်နိုင်ငံ၌ COVID-19 ကူးစက်ပျံ့နှံ့မှုအန္တရာယ်မြင့်မားနေဆဲဖြစ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် ရွှန်ဖူက သြဂုတ် ၇ ရက်တွင် ပြောဆိုခဲ့သည်။

ဗီယက်နမ်နိုင်ငံ၌ COVID-19 စတင်ဖြစ်ပွားချိန်တွင် ကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ထိရောက်စွာခြေရာခံခြင်း၊ တင်းကျပ်သော သီးခြားထားရှိစောင့်ကြည့်စနစ်ကျင့်သုံးခြင်းနှင့် ထိရောက်စွာ ကုသခြင်းတို့ကိုပြုလုပ်ခဲ့မှုကြောင့် ကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ဇူလိုင် ၂၅ ရက်တွင် နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့၌ ကူးစက်သူများပြန်ရှိလာခဲ့သည်။

ရပ်ကွက်ကျေးရွာတွင်း အစုလိုက်အပြုံလိုက်ကူးစက်မှုများရှိနေသောကြောင့် နိုင်ငံခေါင်းဆောင်များသည် လာမည့်နှစ်ပတ်အတွင်း ပိုမိုတိကျပြတ်သားကာ ထိရောက်သော ဆောင်ရွက်မှုများကို ပြုလုပ်ရန် လိုအပ်နေကြောင်း ဝန်ကြီးချုပ် ငုယင် ရွှန် ဖူက ပြောဆိုခဲ့သည်။

ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၇ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၇၈၄ ဦးနှင့် သေဆုံးသူ ၁၀ ဦးရှိနေပြီဖြစ်သည်။

ဒါနန်း၌ ကူးစက်မှုစတင်ချိန်မှစ၍ ကူးစက်သူသစ် ၂၀၀ ကျော်ရှိနေပြီဖြစ်သည်။

ဒါနန်း၌ COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး လာမည့် ၁၀ ရက်အတွင်း အမြင့်ဆုံးအထိရောက်ရှိကာ ကူးစက်သူပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။

လူဦးရေ ၁ ဒသမ ၁ သန်းရှိသော ဒါနန်းမြို့ရှိ အားကစားခန်းမကြီးတစ်ခုကို ခုတင် ၁၀၀၀ ဆေးရုံအဖြစ်ပြောင်းလဲလိုက်ပြီဖြစ်သည်။

တိကျမြန်ဆန်သော COVID-19 ရှိမရှိစစ်ဆေးမှုသည် ကူးစက်မှုတားဆီးရာတွင် အဓိကကျကြောင်း ဖူကပြောဆိုခဲ့သည်။

ဟနွိုင်းမြို့၌လည်း ဒါနန်းမှပြန်လာသူထောင်ပေါင်းများစွာတို့အား COVID-19 ရှိမရှိစစ်ဆေးမှုများကို ပြုလုပ်နေသည်။ ဗီယယ်နမ်အစိုးရက ဖြန့်ချိထားသော COVID-19 ကူးစက်သူများကို ခြေရာခံသည့် အပလီကေးရှင်းကို ဒေါင်းလုတ်ရယူသည်မှာ အကြိမ် ၈ ဒသမ ၅ သန်းကျော်ရှိနေပြီဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။