ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၌ သြဂုတ် ၈ ရက်တွင် ဆန္ဒပြသူဒါဇင်ပေါင်းများစွာသည် တရားရုံးတစ်ရုံးရှေ့၌ စုဝေးပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထိုင်းနိုင်ငံ၌ စစ်မှန်သော ဒီမိုကရေစီစနစ်ကျင့်သုံးပေးရန် မကြာသေးမီတွင် တောင်းဆိုဆန္ဒပြမှုဖြင့် လူ့အခွင့်အရေးရှေ့နေ အနွန် နမ်ပါနှင့် ကျောင်းသားလှုပ်ရှားသူ ပါနူပွန်း ဂျက်စ်နော့ခ်တို့သည် သြဂုတ် ၇ ရက် အနှောင်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။
ဒီနိုင်ငံမှာ တရားရုံးတွေက ဘယ်သူ့အကျိုးအတွက် လည်ပတ်နေတာလဲ ဟု ကျောင်းသားခေါင်းဆောင် ပါရစ် ချီဝါရတ်က ဘန်ကောက်ရှိ ပြစ်မှုဆိုင်ရာတရားရုံးရှေ့၌ ဆန္ဒပြသူ ၁၀၀ ခန့်ကို ပြောဆိုခဲ့သည်။
ဘယ်လောက်ပဲရာထူးကြီးကြီး ခင်ဗျားတို့ကို လစာပေးနေတဲ့ အခွန်အခတွေရဲ့ အထက်မှာတော့ ရှိမနေဘူး ဟု ၎င်းကပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် ပရာယွတ်ချန်အိုချာဦးဆောင်သော အစိုးရ ရာထူးမှနုတ်ထွက်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ပြီးဖြစ်သည်။
ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ပရာယွတ်သည် အာဏာဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် မသမာသည့်နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
အနွန်နှင့် ပါနူပွန်းတို့သည် နိုင်ငံတော်သစ္စာဖောက်မှု၊ COVID-19 ကူးစက်မှုလျှော့ချရေးအတွက် ချမှတ်ထားသည့် အရေးပေါ်ဒီဂရီချိုးဖောက်မှုများဖြင့် တရားစွဲဆိုခံထားရသည်။
၎င်းတို့နှစ်ဦးကို သြဂုတ် ၇ ရက်တွင် ရဲအချုပ်ဖြင့်သာ ထားရှိခဲ့သည်။ ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် အနွန်က သြဂုတ် ၃ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ပြီးဖြစ်သည်။
ယင်းဆန္ဒပြမှုအတွက် အနွန်သည် အမှုဖွင့်ခံထားရခြင်းမရှိချေ။

















