အိန္ဒိယနိုင်ငံ တောင်ပိုင်း ကေရာလာပြည်နယ်၌ သြဂုတ် ၇ ရက်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း ဆင်းသက်စဉ် လမ်းချော်ပြီး နှစ်ပိုင်းကျိုးခဲ့မှုကြောင့် ၁၇ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။
ဒူဘိုင်းမှ COVID-19 ဆိုင်ရာအထူးခရီးစဉ်ဖြင့် ထွက်ခဲ့လာသည့် Air India Express မှ ဘိုးယင်း ၇၃၇ လေယာဉ်သည် ကိုဇီကိုဒဲရှိ လေဆိပ်၌ ဆင်းသက်ရန် ကြိုးပမ်းစဉ် လမ်းချော်သွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း ၁၉၁ ဦးလိုက်ပါခဲ့သည်။ လူ ၁၇ ဦးသေဆုံးခဲ့ကြောင်း ကိုဇီကိုဒဲအရာရှိ ဆီရမ် ဆမ်ဘာသီဝက ပြောဆိုခဲ့သည်။
သေဆုံးသူများတွင် ၁၀လ သားကလေးငယ်တစ်ဦးနှင့် ၁၈ လသားကလေးငယ်တစ်ဦးတို့ပါဝင်ကြောင်း လူနာစာရင်းအရသိရသည်။
လေယာဉ်မှူးနှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ကြောင်း လေဆိပ်အရာရှိတစ်ဦးကပြောဆိုခဲ့သည်။
လူနာ ၁၅ ဦးခန့်သည် ဒဏ်ရာပြင်းထန်ပြီး ဒေသဆိုင်ရာဆေးရုံများ၌ ကုသမှုခံယူနေရကြောင်း ရဲမှူး အဗ္ဗဒူ ကာရင်က ပြောဆိုခဲ့သည်။
လေယာဉ်သည် နှစ်ကြိမ်တိုင်တိုင်ဆင်းသက်ရန် ကြိုးပမ်းခဲ့ပြီး မြေပြင်နှင့်မထိမီတွင် လေယာဉ်သည် နိမ့်လိုက်မြင့်လိုက်ပျံသန်းခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့သည်။
မကြာသေးမီလများအတွင်း ပြည်ပတွင် သောင်တင်နေသည့် အိန္ဒိယနိုင်ငံသားများအား လေယာဉ်ခရီးစဉ်ရာပေါင်းများစွာဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူမှုများပြုလုပ်ခဲ့သည်။
လေယာဉ်တွင် လိုက်ပါလာသူများအနက် ၁၅ ဦးသည် အလုပ်အကိုင်ဆုံးရှုံးခဲ့ပြီး ၁၂ ဦးသည် ကျန်းမာရေးအရေးပေါ်အခြေအနေဖြင့် မိခင်နိုင်ငံသု့ိပြန်လာသူများဖြစ်ကြသည်။နှစ်ဦးသည် လက်ထပ်မင်္ဂလာပွဲအတွက် ပြန်လာသူများဖြစ်ကြကြောင်း အေအက်ဖ်ပီသတင်းဌာနကဖော်ပြခဲ့သည်။

















