လေးနှစ်သားကို ကျောပိုးကာ ချောင်းအတွင်းရေကူးသူ ရေဖြင့်မျောပါ သေဆုံး

လေးနှစ်သားကို ကျောပိုးကာ ချောင်းအတွင်းရေကူးသူ ရေဖြင့်မျောပါ သေဆုံး

ကျောက်တံခါးမြို့နယ်တွင် လေးနှစ်သားအရွယ်ကို ကျောပိုးကာ ချောင်းအတွင်း ရေကူးသူ ရေဖြင့်မျောပါသွားပြီးနောက် ယနေ့ ဩဂုတ် ၉ ရက်၌ အလောင်းတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ် ၈ ရက်ညနေ ၆နာရီတွင် ကျောက်တံခါးမြို့နယ် ဟာရီးကျေးရွာအုပ်စု ၊ ဘာဘူကုန်းကျေးရွာနှင့်ရမ်းမကျန်းကျေးရွာကြားရှိ ကညင်ချောင်းအတွင်း လူတစ်ဦးရေနစ်မျောပါသွားကြောင်းသတင်းအရ သူဌေးကုန်းရဲကင်းမှူးဒုရဲအုပ်လင်းသူမောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ရေနစ်ပြီးမျောပါသွားသူမှာ ကညင်ချောင်းတဲစုရွာနေ ဦးမြင့်ဦး(ခ)အရှည်ကြီးဖြစ်ပြီး ၎င်းက သားဖြစ်သူ မောင်ဖိုးသင်္ကြန် (၄)နှစ်ကို ကျောပိုး၍ ကညင်ချောင်းအတွင်း ရေဆင်းကူးစဉ် ရေစီးသန်သောကြောင်နှစ်ဦးစလုံး ရေထဲနစ်မြုပ်မြောပါနေစဉ် အိမ်နီးချင်းခင်မင်ရင်းနှီးသူ ကိုချစ်မောင်(၁၈)နှစ်ကတွေ့ရှိရသဖြင့် ချောင်းအတွင်းဆင်း၍ ကယ်ဆယ်ခဲ့သည်။

ထိုသို့ ကယ်ဆယ်ရာ မောင်ဖိုးသင်္ကြန်ကို အရင်ကယ်ဆယ်၍ ချောင်းစပ်သို့ချပြီးနောက် ဦးမြင့်ဦး(ခ)အရှည်ကြီးကို ထပ်မံကယ်ဆယ်ရန်ပြုလုပ်စဉ် ဦးမြင့်ဦး(ခ)အရှည်ကြီးမှာ ရေစီးနှင့်အတူမျောပါသွားခြင်းဖြစ်သည်။

ချောင်းအတွင်းလိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိဘဲ ဦးမြင့်ဦး(ခ)အရှည်ကြီး ၏အလောင်းကို ယနေ့ ဩဂုတ် ၉ရက် နံနက်၆နာရီခွဲတွင် ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်းဘေး)ကညင်ချောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့သည်။

အလောင်းအားချောင်းအတွင်းမှဆယ်ယူပြီး ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ကျောက်တံခါးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၉/၂၀၂၀)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။