သြစတြေးလျနိုင်ငံရှိ လူဦးရေဒုတိယအများဆုံးပြည်နယ်ဖြစ်သည့် ဗစ်တိုးရီးယား၌ သြဂုတ် ၉ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၁၇ ဦးရှိခဲ့ကာ ယင်းသည် တစ်ရက်အတွင်း သေဆုံးသူအများဆုံးရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။
သြစတြေးလျ၌ COVID-19 ဒုတိယလှိုင်းဗဟိုချက်ဖြစ်သော ဗစ်တိုးရီးယား၌ သြဂုတ် ၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၉၄ ဦးရှိခဲ့ရာ လွန်ခဲ့သောအပတ်အတွင်း တစ်ရက်လျှင် ကူးစက်သူသစ် ၄၀၀ မှ ၅၀၀ အထိရှိခဲ့မှုနှင့်နှိုင်းယှဉ်ပါက ကူးစက်သူကျဆင်းသွားသည်ဟု ပြောနိုင်သည်။
ပြည်နယ်တွင်း COVID-19 ဖြင့်သေဆုံးသူ ၂၁၀ ရှိနေပြီဖြစ်သည်။ တစ်နိုင်ငံလုံးရှိ COVID-19 ကူးစက်သူ ၂၁၀၀၀ အနက် သုံးပုံနှစ်ပုံမှာ မဲလ်ဘုန်းက ပြည်နယ်မြို့တော်အဖြစ် တည်ရှိသည့် ဗစ်တိုးရီးယား၌ရှိနေသည်။
COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် ဗစ်တိုးရီးယားပြည်နယ်သည် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ ကူးသန်းသွားလာမှုကန့်သတ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းအများစုကို ပိတ်သိမ်းခြင်း တို့ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းကန့်သတ်ချက်များကြောင့် ကူးစက်သူဦးရေကျဆင်းသွားသော်လည်း ကူးစက်မှုအရင်းအမြစ်မသိရသည့် ကူးစက်သူသစ်များလည်းရှိနေဆဲဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒယ်နီယယ် အန်ဒရူးစ်ကပြောဆိုခဲ့သည်။
သြဂုတ် ၉ ရက်အထိ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိသည့် ကူးစက်သူ ၁၇၄ ဦးရှိခဲ့သည်။ ဗစ်တိုးရီးယားပြည်နယ်ရှိ COVID-19 ကူးစက်မှုနှုန်းသည် ကူးစက်သူတစ်ဦးမှ အခြားတစ်ဦးထံသို့ဆက်လက်ကူးစက်မှုသာရှိနေသဖြင့် ကူးစက်မှုနှုန်းနှေးနေသည်။
ဗစ်တိုးရီးယားနှင့်ကပ်လျက်တည်ရှိသည့် နယူးဆောက်ဝေးပြည်နယ်၌ သြဂုတ် ၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀ ဦးရှိခဲ့ပြီး ပြည်နယ်တွင်းရှိ စာသင်ကျောင်းနှစ်ကျောင်းတွင် ကူးစက်သူသစ်များရှိခဲ့ပြီးနောက် အာဏာပိုင်များသည် ကျောင်းသားများကို နေအိမ်မှာ သီးခြားနေထိုင်ရန် ညွှန်ကြားချက်ထုတ်ခဲ့ရသည်။

















