အိန္ဒိယ၌ COVID-19 ကွာရန်တင်းစခန်းအဖြစ် သုံးနေသောဟိုတယ် မီးလောင်၊ ၁၁ ဦးထက် မနည်းသေဆုံး

အိန္ဒိယ၌ COVID-19 ကွာရန်တင်းစခန်းအဖြစ် သုံးနေသောဟိုတယ် မီးလောင်၊ ၁၁ ဦးထက် မနည်းသေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း အန္ဓရာ ပရာဒေ့ရှ်ပြည်နယ်၌ COVID-19 ဆိုင်ရာသီးခြားထားရှိစောင့်ကြည့်စခန်း(ကွာရန်တင်းစခန်း)အဖြစ် အသုံးပြုနေသည့် ဟိုတယ်တစ်လုံး၌ သြဂုတ် ၉ ရက် အစောပိုင်းတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူ ၁၁ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ဟိုတယ်တွင်း ပိတ်မိနေပြီး ဒဏ်ရာရရှိနေသူများကို ရှာဖွေကယ်ဆယ်ကာ အစိုးရဆေးရုံတစ်ရုံသို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ရှာဖွေကယ်ဆယ်မှုနှင့် မီးငြှိမ်းသတ်မှုများကို ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင် လက်ရှ်မီးကပြောဆိုခဲ့သည်။

အန္ဓာပရာဒေ့ရှ်ပြည်နယ် ဝိဇယဝါဒရှိ COVID-19 သီးခြားထားရှိစောင့်ကြည့်စခန်း၌ မီးလောင်ကျွမ်းမှုသတင်းကြောင့် အကြီးအကျယ်စိတ်ဆင်းရဲခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီး အာမစ် ရှားက တွစ်တာ၌ ရေးသားခဲ့သည်။

ပြည်နယ်အစိုးရအား ဗဟိုအစိုးရက တတ်နိုင်သရွေ့အကူအညီပေးမည်ဖြစ်ပြီး သေဆုံးခဲ့သူများ၏မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ရှားကပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမဲဒါဘတ်မြို့၌ လွန်ခဲ့သောအပတ်တွင် ပုဂ္ဂလိကဆေးရုံတစ်ရုံရှိ COVID-19 လူနာများကိုထားရှိသော အထူးကြပ်မတ်ကုသဆောင်တွင် မီးလောင်ကျွမ်းမှုကြောင့် လူနာရှစ်ဦးသေဆုံးခဲ့သည်။

ဟိုတယ်မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အန္ဓရာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ် ဂျာဂန် မိုဟန် ရက်ဒီက ညွှန်ကြားလိုက်ပြီဖြစ်သည်။