နာဂါဆကီမြို့၌ အဏုမြူဗုံးကြောင့်သေဆုံးခဲ့သူများကို အောက်မေ့သည့် ၇၅ ကြိမ်မြောက် အခမ်းအနားကျင်းပ

နာဂါဆကီမြို့၌ အဏုမြူဗုံးကြောင့်သေဆုံးခဲ့သူများကို အောက်မေ့သည့် ၇၅ ကြိမ်မြောက် အခမ်းအနားကျင်းပ

အမေရိကန်က အဏုမြူဗုံးဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများကို အောက်မေ့သည့် ၇၅ ကြိမ်မြောက် အခမ်းအနားအား ဂျပန်နိုင်ငံ နာဂါဆကီမြို့၌ သြဂုတ် ၉ ရက်တွင် ကျင်းပခဲ့သည်။

ဟီရိုရှီးမားမြို့ အဏုမြူဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် သုံးရက်အကြာတွင် နာဂါဆကီမြို့ တိုက်ခိုက်ခံခဲ့ရခြင်ဖြစ်သည်။ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးရှိ အူရာကာမီဘုရားကျောင်း၌ သြဂုတ် ၉ ရက်အစောပိုင်းတွင် သေဆုံးခဲ့သူများအား အောက်မေ့သည့် အခမ်းအနားကို အကျဉ်းရုံးပြုလုပ်ခဲ့သည်။

ထို့ပြင် မြို့ရှိ ငြိမ်းချမ်းရေးဥယျာဉ်၌လည်း အောက်မေ့ဖွယ်ပွဲကိုပြုလုပ်ခဲ့သည်။ COVID-19 ကူးစက်မှုအန္တရာယ်ရှိနေသောကြောင့် ယခုနှစ် အောက်မေ့ပွဲတက်ရောက်သူများသည် ယခင်နှစ်များတွင် တက်ရောက်ခဲ့သူများ၏ ၁၀ ပုံတစ်ပုံသာရှိခဲ့သည်။

စူးရှသော အလင်းရောင်ကြောင့် တစ်လောကလုံး ဖြူဖွေးသွားကြောင်း နာဂါဆကီဗုံးကြဲမှုဖြစ်စဉ်က အသက် ၁၃ နှစ်သာရှိသေးပြီး ယခုအချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်သည့် တဲရူမီ တာနာကာကပြောဆိုခဲ့သည်။

ကမ္ဘာကြီးသည် နျူကလီးယားလက်နက်များကို စွန့်လွှတ်ရမည်ဖြစ်ပြီး လူငယ်မျိုးဆက်ကို အလားတူအဖြစ်ဆိုးမျိုးမကြုံစေချင်ကြောင်း အဏုမြူဗုံးတိုက်ခိုက်မှုကိုကြုံခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သူများက မျှော်လင့်နေသည်ဟု ၎င်းကပြောဆိုခဲ့သည်။

နောက်ထပ်နျူလက်နက်တစ်ခုဖြင့် မတိုက်ခိုက်တော့ဟု လူအများက ယူဆနေကြောင်း၊ ကမ္ဘာပေါ်တွင် နျူကလီးယားဗုံး ၁၃၀၀၀ ခန့်ရှိနေသော်လည်း ကမ္ဘာကြီးက ယင်းတို့ကိုလက်ခံထားခြင်းကို အံ့သြမိကြောင်း တာနာကာက ဆက်လက်ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်တွင် ဟီရိုရှီးမားမြို့ပေါ်သို့ ပထမဆုံး အဏုမြူဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် လူ ၁၄၀၀၀၀ ခန့်သေဆုံးခဲ့သည်။ သုံးရက်အကြာတွင် နာဂါဆကီမြို့ကို အဏုမြူဗုံးဖြင့် ဆက်လက်တိုက်ခိုက်မှုကြောင့် လူ ၇၄၀၀၀ သေဆုံးခဲ့သည်။ ဂျပန်သည် ၁၉၄၅ ခုနှစ် သြဂုတ် ၁၅ ရက်တွင် လက်နက်ချအညံ့ခံခဲ့သည်။