တောင်ကိုရီးယားနိုင်ငံ၌ ၄၆ ရက်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ကြောင့် လူ ၂၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက သြဂုတ် ၈ ရက်တွင် ပြောဆိုခဲ့သည်။
တောင်ကိုရီးယားသည် ခုနစ်နှစ်တာကာလအတွင်း အရှည်ကြာဆုံး မုတ်သုံရာသီနှင့် ကြုံတွေ့နေရသည်။သြဂုတ် ၈ ရက် အနှောင်းပိုင်းအထိ လူ ၅၀၀၀ ကျော်ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကိုရီးယားကျွန်းဆွယ်တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်သလို လူ ၁၀ ဦးပျောက်ဆုံးနေဆဲလည်း ဖြစ်သည်။
ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းစွန်းရှိ ဆွမ်ဂျင်မြစ်ရေလျှံမှုကြောင့် အနီးဝန်းကျင်နေရာများတွင် ရေကြီးရေလျှံခဲ့ကြောင်း တောင်ဂျိုလာခရိုင်မှ အရာရှိတစ်ဦးကပြောဆိုခဲ့သည်။
ခရိုင်တွင်းရှိ လူ ၁၉၀၀ ခန့်ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ရသည်။ နိုင်ငံတွင်းရှိ ခရိုင်တိုင်းတွင် မြေပြိုမှုအန္တရာယ်ရှိနေကြောင်း သစ်တောဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
တောင်ဂျိုလာခရိုင် ကိုဆွန်းရှိ ကျေးရွာတစ်ရွာ၌ မြေပြိုမှုကြောင့် နေအိမ် ငါးလုံး ရွှံ့ညွံများအောက်ရောက်ရှိပြီး လူငါးဦးသေဆုံးခဲ့သည်။ လူသုံးဦးကို ကယ်တင်ခဲ့ရသည်။ ဂွမ်ဂျူးလေဆိပ်ရှိ လေယာဉ်ပြေးလမ်းများ ရေမြုပ်နေသဖြင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၁၂ ခုကို ဖျက်သိမ်းခဲ့ရကြောင်း ယွန်ဟတ်သတင်းဌာနကဖော်ပြခဲ့သည်။
မြေအောက်ခန်းများ၊ တောင်ကြားများ၊ မြစ်များနှင့် ခပ်ဝေးဝေးနေကြရန် ဆိုးလ်မြို့၌ သတိပေးချက်ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားသည် ၂၀၁၃ ခုနှစ်တွင် ရက်အရှည်ကြာဆုံး မုတ်သုံရာသီနှင့်ကြုံခဲ့ရပြီး ၄၉ ရက်ကြာမြင့်ခဲ့သည်။
ယခုနှစ်မုတ်သုံရာသီသည် ၂၀၁၃ ခုနှစ်ကထက် ရက်ပိုမိုရှည်ကြာမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

















