ဘရာဇီးနိုင်ငံ၌ သြဂုတ် ၈ ရက်အထိ COVID-19 ဖြင့်သေဆုံးသူ တစ်သိန်းကျော်သွားပြီဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဘရာဇီး၌ ဖေဖော်ဝါရီအကုန်ပိုင်းတွင် COVID-19 ပထမဆုံးကူးစက်သူများရှိခဲ့သည်။ ဘရာဇီး၌ သုံးလအတွင်း COVID-19 ဖြင့်သေဆုံးသူ ၅၀၀၀၀ ရှိခဲ့ပြီး နောက်ထပ် ရက် ၅၀ အတွင်း သေဆုံးသူ ဒုတိယ ၅၀၀၀၀ ပြည့်ခဲ့သည်။
သမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုသည် ကူးစက်မှုစတင်ချိန်တွင် သာမန်အအေးမိဖျားနာမှုအဖြစ် ပြောဆိုခဲ့သလို နိုင်ငံသားများကလည်း ကူးစက်မှုကို အလေးမထားဘဲနေခဲ့ကြသည်။
ကမ္ဘာစစ်တစ်ခုကဲ့သို့ အဖြစ်ဆိုးမျိုးဖြစ်နေသော်လည်း ဘရာဇီးနိုင်ငံသည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မေ့ဆေးမိသလိုဖြစ်နေကာ ကူးစက်ရောဂါကို အလေးမထားဘဲရှိနေကြောင်း ကူးစက်ရောဂါပညာရှင်များအသင်းမှ အဆင့်မြင့်အဖွဲ့ဝင် ဒေါက်တာ ဟိုဆေး ဒါဗီ အူဘာယက်ဇ်က ပြောဆိုခဲ့သည်။
ဘရာဇီးသည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် COVID-19 တိုက်ဖျက်ရေးကို ညီညွတ်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ အစိုးရအရာရှိအချို့သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရေးကိုသာ အာရုံစိုက်နေကြောင်း ဒေါက်တာ အူဘာယက်ဇ်နှင့် အခြားဆေးပညာရှင်များက ပြောဆိုခဲ့သည်။
ဘရာဇီး၌ သြဂုတ် ၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၉၉၇၀ နှင့် သေဆုံးသူသစ် ၉၀၅ ဦးရှိခဲ့သောကြောင့် ကူးစက်သူ သုံးသန်းကျော်နှင့် သေဆုံးသူ ၁၀၀၄၇၇ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဘိုဆိုနာရို၏ ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်မှုကို ဝေဖန်ခဲ့သည့် တရားလွှတ်တော်ချုပ်နှင့် ကွန်ဂရက်တို့သည် သေဆုံးသူ ၁၀၀၀၀၀ အတွက် တစ်မျိုးသားလုံးဝမ်းနည်းအောက်မေ့မှု သုံးရက်နှင့် လေးရက်ကို အသီးသီးသတ်မှတ်ခဲ့သည်။
သမ္မတက တစ်စုံတရာမှတ်ချက်ချပြောဆိုခြင်းမပြုသေးချေ။ COVID-19 တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ဘိုဆိုနာရိုနှင့် သဘောထားကွဲလွဲသဖြင့် ဆရာဝန်များဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးနှစ်ဦး နုတ်ထွက်ခဲ့ပြီးဖြစ်သည်။
လက်ရှိ ယာယီကျန်းမာရေးဝန်ကြီးသည် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အရေးပါသည် နှာခေါင်းစည်းတပ်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်းတို့ကို လိုက်နာကျင့်ကြံရန် တိုက်တွန်းမှုမပြုသေးချေ။
ဘရာဇီး၌ မည်သည့်အချိန်တွင် COVID-19 ကူးစက်မှုရပ်တန့်မည်ကို မသိနိုင်ကြောင်း၊ လူ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ သေဆုံးနိုင်ကြောင်း ဆော်ပေါလောပြည်နယ်တက္ကသိုလ် ကူးစက်ရောဂါဌာန၏အကြီးအကဲ အလက်ဇန္ဒား နိုင်မဲကပြောဆိုခဲ့သည်။

















